ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တမြို့တွင်းရှိ ဂန့်ဂေါ်တောင်ဆည်အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AAတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၆ရက်နေ့တွင် AA၏ ထိုးစစ်ကို မခုခံနိုင်သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးကြသည့်အတွက် စစ်ကောင်စီအရာရှိများနှင့်တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေပြီး ထုနှက်၍ပြန်လည်ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ဟုဆိုသည်။

“ကျိန္တလီမှာ လက်နက်သံတွေပြန်ကြားနေရပြီ။ စစ်တပ်က အဓိက ကုလားပြင်ဘက်မှာနေရာယူထားတယ်။ ကျိန္တလီကပြေးတဲ့တပ်တွေနဲ့စုနေတဲ့သဘောပေါ့။ ကျိန္တလီမြို့ထဲတော့ အကုန်နီးပါးစစ်ရှောင်သွားပါပြီ။ ကုလားပြင်ဘက်ကတော့ ဒေသခံတွေနဲ့ စစ်ရှောင်တွေရှိတယ်” ဟု ဂွဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ရက်နေ့ညပိုင်းမှစ၍ စစ်ကောင်စီနှင့် AAတို့ဂန့်​ဂေါ်​တောင်ဆည်အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက်ခိုက်ကြောင်း သိရသည်။

ထို့အပြင် ဂွရှိ ခမရ ၅၆၃တပ်ရင်းမှနေ၍ မြေပြင်စစ်ကူပို့ပြီး ရေကြောင်းမှနေ၍လည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးလျက်ရှိပြီးစက်တင်ဘာ ၄ရက်နေ့ကလည်း ကျိန္တလီမြို့အနီးရှိ ဆားချက်နှင့် ကိုင်းခုံရွာအနီးတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးခဲ့သည့်အတွက် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကြဲချတိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်နေ့ကတည်းက ဂွမြို့နယ်၊ ချင်းကွင်းနှင့် ကျိန္တလီတို့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး AAက ကျိန္တလီမြို့ကို ထိန်းချုပ်ထားကြောင်း သိရသည်။

စစ်ကောင်စီက ကျိန္တလီမှ ဂွသွား လမ်းတလျှောက်ရှိ ဆပ်သွားကျေးရွာ၊ ကုလားပြင်၊ ကမ်းသာယာရှိ လက်ကျန်တပ်များနှင့် ပြန်လည်ခုခံတိုက်ခိုက်နေပြီး ဂွမြို့တပ်ရင်းများမှနေ၍လည်း လက်နက်ကြီးများဖြင့် ပစ်ကူလျက်ရှိသည်။

ဂွမြို့ပင်လယ်ပြင်မှနေ၍ စစ်ကောင်စီက အရပ်သားစက်လှေများကိုအသုံးပြု၍ တပ်အင်အားဖြည့်တင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ပို့ဆောင်သယ်ယူခြင်းများ လုပ်ဆောင်နိုင်သည့်အတွက် ဂွပင်လယ်ပြင်အတွင်း စက်လှေများသွားလာခြင်းမပြုရန် AAက ဩဂုတ် ၁ရက်နေ့ကတည်းက ပိတ်ပင်ထားသည်။

စစ်ကောင်စီက ဂွ-ငါးသိုင်းချောင်းရိုးမလမ်းတွင်လည်း လက်နက်ကြီးများတပ်ဆင်ကာ ခုခံစစ်ပြင်ထားပြီးဧရာဝတီတိုင်းမှ စစ်ကူများနှင့် စစ်လက်နက်များကိုပါ ဂွမြို့နယ်အတွင်း စစ်ကူအင်အားဖြည့်တင်းထားကြောင်း သိရသည်။

#ဂွ #ကျိန္တလီ #တိုက်ပွဲဆက်ဖြစ် #စစ်ကောင်စီ #ကြည်းရေလေ #ခုခံ #Ayeyarwaddy_Times