
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ဥခရုလ်ခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များကို စားနပ်ရိက္ခာများနှင့် ကုန်ပစ္စည်းသယ်ယူခွင့်တို့ကို အိန္ဒိယ နာဂလက်နက်ကိုင်တပ်ဖွဲ့မှ ပိတ်သိမ်းထားကြောင်းစစ်ဘေးရှောင်များထံက သိရှိရသည်။
အဆိုပါ စစ်ဘေးရှောင်များသည် စစ်ကိုင်းတိုင်း တမူးခရိုင်ရှိ တမူး၊ မြို့သစ် စသည်မြို့နယ်တို့မှ ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာစစ်ဘေးရှောင်များဖြစ်သည်။
ထိုစစ်ဘေးရှောင်များ၏ ကုန်စည်စီးဆင်းသည့် ကုန်သွယ်ရေးလမ်းကြောင်းများမှ တဆင့် မြန်မာပြည်တွင်းရှိ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များက စားနပ်ရိက္ခာများ ဝယ်ယူတင်းသွင်းသည်ဟုဆိုကာ သြဂုတ်လ ၂၆ ရက်နေ့မှစ၍ ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။
“မြန်မာပြည်ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ ဒီဘက်ကနေ စားနပ်ရိက္ခာတွေ ဝယ်ယူတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သြဂုတ်လ နောက်ဆုံးအပတ်ကစပြီး စစ်ဘေးရှောင်စခန်းကို ငါးပိ၊ ဆား၊ ဟင်းချို့မှုန့်၊ ဆန်၊ ဆီနဲ့ လူသုံးကုန်ပစ္စည်း စတဲ့ အဝင်တွေ ပိတ်ထားတယ်။ ဘယ်လောက်ကြာပိတ်မလဲဆိုတာ သေချာမသိသေးဘူး။ လေးလထိ ပိတ်မယ်လို့လည်းကြားရတယ်။ ဒီအတိုင်းဆို စစ်ဘေးရှောင်တွေ ထမင်းငတ်မယ့်အခြေနေရောက်တော့မယ်” ဟု စစ်ဘေးရှောင်ကူညီရေးဆောင်နေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာ – အိန္ဒိယနယ်စပ်ရှိ နှစ်နိုင်ငံဒေသခံများ၏ ပြောဆိုချက်အရ အိန္ဒိယ နာဂ လက်နက်ကိုင်တပ်ဖွဲ့သည် ကသည်း၊ ရှမ်းနီအဖွဲ့တို့နှင့် မဟာမိတ်ဖွဲ့ပြီး စစ်ကောင်စီပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေသည်ဟု ပြောဆိုကြသော်လည်း ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။
ထို့အပြင် ယခုနှစ် ဇူလိုင်လက ရွာသွန်းသည့် မိုးကြောင့် စစ်ဘေးရှောင်စခန်းတစ်ခုလုံးနီးပါး ရေမြုပ််ခဲ့သည့်အတွက် သောက်ရေမသန့်ရှင်းမှုဖြစ်ကာ ဝမ်းပျက်၊ ဝမ်းလျော့ရောဂါဖြစ်ပွါးမှုများ ရှိနေကြောင်း သိရသည်။
“ကလေးတွေပါမကျန် လူတိုင်း ဝမ်းပျက်၊ ဝမ်းလျော့ဖြစ်ကြတာ။ ရာသီတုပ်ကွေးတွေရောဖြစ်ကြတယ်။ စစ်ဘေးရှောင်စခန်းထဲမှာရှိတဲ့ ဆေးတွေကလည်း ဖျားဆေးကလွဲပြီး ကျန်တဲ့ဆေးတွေက မရှိဘူး။ မြို့ထဲသွားကုသဖို့လည်း ဘာမှအထောက်ထားမရှိတော့ အဆင်မပြေဘူး။ ဒါကြောင့် မသေသင့်ဘဲ သေနေရတယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဝမ်းပျက်၊ ဝမ်းလျော ရောဂါဖြစ်ပွါးမှုကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့က စစ်ဘေးရှောင် အမျိုးသမီးငယ် တစ်ဦးအသက်သေဆုံးခဲ့သလို လသားအရွယ် ကလေးငယ်တစ်ဦးလည်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၄၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်နေထိုင်ကာ ၎င်းတို့သည် ဆေးဝါးများအပြင် စားနပ်ရိက္ခာ အကူညီများလည်း လိုအပ်
ကြောင်း သိရှိရသည်။
#မဏိပူရ်ပြည်နယ် #ဥခရုလ်ခရိုင် #မြန်မာစစ်ဘေးရှောင် #စားနပ်ရိက္ခာ #ကုန်ပစ္စည်းသယ်ယူခွင့် #ပိတ်သိမ်းခံရ
#Ayeyarwaddy_Times