
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်နိုင်သော မုန်တိုင်းငယ်နှင့် တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေသော တိုက်ဖွန်းမုန်တိုင်း ရာဂိ အရှိန်ကြောင့် မြန်မာနိုင်ငံတွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနက ယနေ့ ညနေပိုင်းထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်သည်။
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး လာမည့် ၂၄ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်မှ စက်တင်ဘာ ၉ ရက်နေ့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကြောင်းထုတ်ပြန်ထားသည်။
” တိုက်ဖွန်းမုန်တိုင်း ရာဂိက ကုန်းတွင်းမုန်တိုင်း၊ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း၊ လေပွေလှိုင်းစသဖြင့် အဆင့်ဆင့်အားလျော့ကျသွားပြီး မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်တွေနဲ့အတူ မြန်မာနိုင်ငံထဲဖြတ်သန်းရင်း ရေနဲ့ပတ်သက်သောသဘာဝဘေးများ ဖြစ်ပေါ်စေနိုင်ပါဦးမယ်” ဟု မိုးလေဝသပညာရပ်ကိုလေ့လာနေသူ ဦးဝင်းနိုင်က လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
လာမည့် နှစ်ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာမည်ဖြစ်သည်။
ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊တနင်္သာရီတိုင်းအပါအဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်၊ ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိသဖြင့် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးနိုင်သည်။
အဆိုပါမိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၀ ပေခန့် အထိ မြင့်တက်နိုင်မည်ဖြစ်သည်။
ယနေ့ စက်တင်ဘာ ၆ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်မြို့တွင်းရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်လေ့ရှိသော တာမွေအဝိုင်းအပါအဝင် အချို့ရပ်ကွက်များတွင်ရေကြီးရေလျှံမှုဖြစ်ပွားလျှက်ရှိသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဘင်္ဂလားပင်လယ်အော် #မုန်းတိုင်းငယ် #တောင်တရုတ်ပင်လယ် #ရာဂိ #Yagi #မိုးထစ်ချုန်းရွာမည်
#Ayeyarwaddy_Times