
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်
အကြမ်းဖက်နှင့်ပူးပေါင်းလျှင် အကြမ်းဖက်ပဲဟု စစ်ခေါင်းဆောင်က ထုတ်ပြန်ပြီးနောက် စစ်ရှောင်စခန်း များပါမကျန် ပြည်သူကို ပစ်မှတ်ထားပြီး ဗုံးကြဲသတ်ဖြတ်မှုများကို ကျူးလွန်နေကြောင်း စစ်ရေးသတင်းများအရ သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာပြီးနောက် အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းလျှင် အကြမ်းဖက်များဟု သတ်မှတ်ကြောင်း ပြောဆိုခဲ့သည်။
ယနေ့ စက်တင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် ၁၁ ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာပြင်းထန်စွာရရှိ သွားကြောင်း TNLAက ထုတ်ပြန်ထားသည်။
ထို့အပြင် ယမန်နေ့ စက်တင်ဘာ ၅ ရက်နေ့ ညပိုင်း အချိန်က ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ်ရှိ ဖယ်ခုံမြို့နယ်တွင်ရှိသော ဘန်ကောက်စစ်ရှောင်းစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ခြောက်ဦးအပါအဝင် ဒေသခံ ကိုးဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစစ်ခေါင်းဆောင်အနေဖြင့် ပြောဆိုထားခဲ့သည့်အတိုင်းအကြမ်းဖက်ဟု သတ်မှတ်သည့် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားရာ နယ်မြေများရှိ ပြည်သူများကိုပါ ရန်သူစာရင်းသွင်း၍ စနစ်တကျစုံစမ်းပြီးမှ တိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသည့် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာရှိ စာသင် ကျောင်းကို ယနေ့ စက်တင်ဘာ ၆ ရက် နေ့လယ် ၁၂ နာရီ ၄၈ မိနစ်ခန့်တွင် လေကြောင်းမှဗုံးကြဲပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကျောင်းသားအပါအဝင် စစ်ရှောင်ပြည်သူ ငါးဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြကြသည်။
ယနေ့ တစ်နေ့တည်းတွင် စစ်ကောင်စီ၏ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀ ကျော်သေဆုံးခဲ့သည်။
စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက်ခိုက် ရာတွင် ထိခိုက်သေဆုံးမှုများစေရန် ပေါင် ၅၀၀၊ ပေါင် ၃၀၀ ဗုံးများအပြင် လေယာဉ်ပေါ်မှနေ၍ မြေပြင်တွင်ပုန်းခိုနေသူများကို ချိန်ရွယ်၍ စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ပြောဆိုချက်များအရ သိရသည်။
စစ်ရှုံးနေသည့် စစ်ကောင်စီက ဆုံးရှုံးနယ်မြေများကို ပြန်လည်ရရှိရန်နှင့် လက်လွှတ်ရမည့်နယ်မြေများကို ဆက်လက်မဆုံးရှုံးစေရန် တရုတ်အစိုးရကို အကူအညီတောင်း၍ ဟိုင်ဂင်အစည်းအဝေးများ ပြုလုပ်ခဲ့သေးသည်။
ထိုအစည်းအဝေးပွဲများတွင် စစ်ကောင်စီဘက်မှ ကိုယ်စားပြုတက်ရောက်သည့် စစ်ဗိုလ်ချုပ်တစ်ဦးက တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် နယ်မြေများကိုသာ သိမ်းနိုင်မည် ဖြစ်သော်လည်း အဆိုပါနယ်မြေများတွင် ငြိမ်းချမ်းမှုမရှိစေရန် ခေတ်မီလက်နက်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု စစ်ကောင်စီ၏ သဘောထားကို ထုတ်ပြန်ပြောဆိုခဲ့ဖူးသည်။
စစ်ကောင်စီက ယခု ၁၀၂၇ ဒုတိယပိုင်းကာလတွင် ဆုံးရှုံးလိုက်ရသည့် နယ်မြေများကိုလည်း နေ့စဉ်ဆို သလို ဗုံးကြဲတိုက်ခိုက်နေပြီး သီပေါမြို့တမြို့ထဲတွင် ပင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၀ ကျော်အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီဖြစ်ကြောင်း TNLA ကထုတ်ပြန်ထားသည်။
#စစ်ခေါင်းဆောင် #စစ်ရှောင်စခန်း #ဗုံးကြဲ #အစုလိုက်အပြုံလိုက် #သတ်ဖြတ် #Ayeyarwaddy_Times