နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်
စစ်ကောင်စီက အဓမ္မအာဏာသိမ်းယူပြီးနောက် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်မည်ဟုဆိုကာ ရွေးကောက်ပွဲအတွက် ဒေါ်လာဘတ်ဂျက်ငွေသန်းနှင့်ချီသုံးစွဲ၍ ကိုယ်ထူကိုယ်ထ သန်းခေါင်စာရင်း ကောက်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။
ထိုသို့ သန်းခေါင်စာရင်း ကောက်ယူရာတွင် နိုင်ငံအတွင်း နေထိုင်ကြသူ အားလုံးအနေဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ဖြေဆိုပေးကြရန် အရေးတကြီး လိုအပ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြော ကြားထားသည်။
မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါး ကုန်ကျခဲ့ပြီး မြန်မာအစိုးရက ဒေါ်လာ ၁၅ သန်းနှင့် ကျန်ငွေများနှင့် နည်းပညာကို ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) အပါအဝင် နိုင်ငံတကာမှ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ၁၀ နှစ်အကြာတွင် ပြန်လည်ကောက်ယူမည့် စစ်ကောင်စီ လုပ်ဆောင်နေသော ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကိုမူ UNFPA က လက်ရှိနိုင်ငံရေး ပဋိပက္ခများကြောင့် ကူညီပံ့ပိုးမည် မဟုတ်ဟု အတည်ပြု ထုတ်ပြန်ထားသလို ကမ္ဘာ့နိုင်ငံအများစုကလည်း လက်မခံ၍ ကူညီမည်မဟုတ်ကြောင်း သိရသည်။
ထို့ကြောင့် သန်းခေါင်စာရင်းကို နိုင်ငံတကာ အကူအညီမပါရှိဘဲ ပြည်တွင်းအင်အားဖြင့်သာ ဆောင်ရွက် နေရသည့်အတွက် လက်ရှိစိန်ခေါ်မှုများ၊ အခက်အခဲများကို အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး ကြရန် စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီ တာဝန်ရှိသူများက မကြာခဏ ထည့်သွင်း ပြောဆိုခဲ့ကြောင်း သိရသည်။
“သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းဟာ အလွန်ကျယ်ပြန့်ပြီး လုပ်ငန်းပမာဏကြီးမားရုံ သာမက ငွေကုန်ကြေးကျလည်း တော်တော်များပါတယ်၊ ကမ္ဘာ့နိုင်ငံအများစုမှာ ဆယ်နှစ်လျှင် တစ်ကြိမ်သာ ကောက်ယူတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်” ဟု စစ်ခေါင်းဆောင်က ဆိုသည်။
အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ ရှုံးနိမ့်လာသော စစ်ကောင်စီက ၎င်းတို့ကြိုးပမ်းနေသည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံး ကောက်ယူ မည်ဖြစ်ပြီး ယခင်ထက် မေးခွန်းပုံစံများ တိုးမြှင့်၍ ပြည်သူကို ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။
“သူတို့(စစ်ကောင်စီ) ကိုယ်ထူကိုယ်ထလုပ်ရမှာ၊ နိုင်ငံတကာအကူအညီလည်း မရသလောက် နည်းတယ်၊ ဘတ်ဂျက်သန်းချီ ကုန်ခံလုပ်တဲ့ကိစ္စ အလဟသမဖြစ်ဖို့ လိုတယ်” ဟု အမည်မဖော်လိုသူ မြန်မာ့အရေး လေ့လာသုံးသပ်သူ တစ်ဦးက ဧရာဝတီတိုင်မ်းကို ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူမှုအရ လူဦးရေ ၅၄ သန်းရှိခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင်မူ ခန့်မှန်းလူဦးရေ ၅၆ သန်းကျော် ရှိမည်ဟု နိုင်ငံတစ်ဝန်း ဗုံးကြဲမီးရှို့၊ ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေတစ်ရပ် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး စစ်ကောင်စီကအဆိုပါဥပဒေကို ကိုင်စွဲကျင့်သုံးရန် ကြိုးပမ်းနေကာ ထိုဥပဒေအရ ဗဟို သန်းခေါင်စာရင်းအင်းကော်မရှင် လိုအပ်ကြောင်း သိရသည်။
“အခက်အခဲက အထူးလူဦးရေ အုပ်စုများဆိုတာရှိတယ်။ (ဥပမာ IDP စခန်းကလူထုတွေ) နောက် မသန် စွမ်းသူများအတွက် စဉ်းစားမှု၊ သတင်းမီဒီယာလွတ်လပ်မှုစသည်ဖြင့် အခက်အခဲတွေရှိနေပါတယ်” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်မ်းကို ပြောသည်။
စစ်ကောင်စီသည် ကမ္ဘာ့နိုင်ငံများနည်းတူ ၁၀ နှစ်လျှင်တစ်ကြိမ် ပုံမှန်ကောက်ယူသည့် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းအတွက်၎င်းတို့ထိန်းချုပ်ရာ မြို့/ရွာဒေသအချို့တွင် အကြိုကောက်ယူမှုများ ပြုလုပ်ခဲ့ သော်လည်း တိုက်ခိုက်မှုများဖြင့် ကြုံတွေ့ ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကောင်စီ
#စစ်ကောင်စီ #ရွေးကောက်ပွဲ #ဒေါ်လာသန်းချီသုံးစွဲ #ကိုယ်ထူကိုယ်ထသန်းခေါင်စာရင်း #ကောက်ယူရန် စီစဉ် #Ayeyarwaddy_Times