ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးတွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ် ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ယမန်နေ့ စက်တင်ဘာ ၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန်မှ စတင်၍ ဖားကန့်မြို့ ကျန်ဂပ်ရပ်ကွက်အနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို KIA က ပိတ်ဆို့တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ညနေပိုင်းအချိန်ထိ မရှိကထောင်၊ ထုံးဘိုနှင့် ယူမာအနီးရှိ အဲကုန်းတို့တွင်လည်း ပစ်ခတ်မှုများပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရ သည်။

“ဖားကန့်က ကျန်ဂပ်တို့ စည်ပင်ရပ်ကွက်တို့က ဒေသ ခံတွေကတော့ ပြေးကုန်ကြပြီ။ မှော်စီစာနဲ့ လုံးခင်း ဘက်ကတော့ ငြိမ်နေတယ်။ ကျန်ဂပ်အနီးတစ်ဝိုက်မှာ နေ့လယ် ၁ နာရီထဲက စပစ်တာ။ ညနေ ၄ နာရီထိ လက်နက်ကြီးသံ မတိတ်ဘူး။ တိုက်ပွဲကတော့ အတော်ပြင်းတဲ့ပုံပဲ” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကောင်စီက ဖားကန့်ရှိ တပ်များမှနေ၍ လက်နက်ကြီးများဖြင့် ခုခံ ပစ်ကူပေး လျက်ရှိကြောင်း သိရသည်။

ဖားကန့်မှ ကျန်ဂပ်ဘက်သို့ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို KIA က ပိတ်ဆို့တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲမှာပြင်း ထန်နေပြီး ဖားကန့်မြို့နယ်အတွင်းရှိ ထုံဘို၊ ကျန်ဂပ်၊ စည်ပင်နှင့် အခြားရပ်ကွက်များမှ ဒေသခံများကို KIAက စစ်ရှောင်ခိုင်းထားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက မရှိကထောင်ကျေးရွာနှင့် အောင်မြေကွက်သစ်ရှိ နေရာအချို့တွင် တပ်စွဲနေရာယူထားသည့်အတွက် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့က ဖားကန့်ရှိ တောမှော်နှင့် လမောင်တပ်စခန်းကြီး ၂ ခုကို KIA ကသိမ်း ပိုက်ထားပြီး ဖားကန့်တွင် ကံစည်းဗျူဟာကုန်း၊ အောင်ဘာလေတပ်စခန်း၊ မဇွပ်ယန်ထောင်တပ်စခန်း၊ လယ်ပြင်ယမ်းချပ်၊ ဆိုင်းတောင်ရဲစခန်းကုန်း၊ ဖားကန့်ဗျူဟာကုန်းနှင့် ဖားကန့်ရဲစခန်းတို့ ကျန်ရှိနေ သေးကြောင်း သိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း၌ ဝိုင်းမော်၊ ဗန်း မော်၊ မိုးမောက်၊ မံစီနှင့် ဖားကန့်တို့တွင် စစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

#ကချင် #ဖားကန့် #တိုက်ပွဲ #ပြင်းထန် #Ayeyarwaddy_Times