
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်
ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ပေါ်ရှိ ဈေးများတွင် အမဲသားကို စည်ပင်သတ်မှတ်ဈေးထက် ပိုရောင်းသဖြင့် သက်ဆိုင်ရာကို တင်ပြတိုင်ကြားသော်လည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးခြင်းမရှိဟု စားသုံးသူများထံ ကသိရသည်။
စည်ပင်သာယာရေးအဖွဲ့၏ သားသတ်လုပ်ငန်းရှင်များကို လိုင်စင်စီ လေလံချပေးစဉ်က သတ်မှတ်ဈေးဖြစ်သည့် တပိသာ တစ်သောင်း သုံးထောင်ကျပ်ဈေးဖြင့် ရောင်းချပေးခြင်းမရှိပဲ တစ်ပိသာလျှင် အနိမ့်ဆုံးဈေး တစ်သောင်း ရှစ်ထောင်ကျပ်ဈေးဖြင့် ရောင်းချနေခြင်း ကြောင့် တိုင်ကြားခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
“ရပ်ကွက်ဈေးငယ်လေးတွေမှာတင် ဈေးတင်ရောင်းနေတာ မဟုတ်ဘူး။ မြို့မဈေးကြီး ဒိုင်ဈေးမှာကတည်းက တသောင်းသုံးထောင် ဈေးနှုန်းစာကပ်ထားပြီး ဈေးတင်ရောင်းနေတာ။ ဈေးခေါင်းရုံးကိုတိုင်လည်း အရေးယူမ ပေးဘူး။ အလေးချိန် မပြည့်တာလည်း အရေးမယူဘူး “ ဟု ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းကို ပြောသည်။
စည်ပင်သာယာအဖွဲ့၏ ဈေးကြီးကြပ်ရေးရုံးဖြစ်သည့် ဈေးခေါင်းရုံးတာဝန်ရှိသူထံ တိုင်ကြားရာ ဈေးနှုန်းပြန်ချရောင်းပေးခြင်း မရှိသဖြင့် ဈေးနှင့်အနီးဆုံးဖြစ်သည့် ရပ်ကွက် အုပ်ချုပ်ရေးရုံးကို ဆက်လက်တိုင်ကြားသော် လည်း အရေးယူဆောင်ရွက်ပေးခြင်း မရှိဟု မြို့ခံအချိုက ပြောဆိုသည်။
စားသုံးသူများ၏ တိုင်ကြားချက်အရ လိုင်စင်စီ သတ်မှတ်ဈေးဖြင့် မရောင်းချသူများကို တရားစွဲဆိုမှုများ ရှိကြောင်းနှင့် အချိန်အတွယ် မပြည့်မှုများကိုလည်း တိုင်ကြားလာပါက ဈေးခေါင်းရုံးမှ ညှိနှိုင်းဆောင်ရွက်ဖြေရှင်းပေးကြောင်း စည်ပင်သာယာအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ပြောပြချက်အရ သိရသည်။
စည်ပင်သာယာအဖွဲ့အနေဖြင့် တိုင်ကြားမှုများအား အရေးယူပေးသည်ဟု ဆိုသော်လည်း ပုသိမ်မြို့ရှိ ဈေးများတွင် အမဲသားဈေးနှုန်းကို တစ်ပိဿာလျှင် တစ်သောင်းရှစ်ထောင် ကျပ်ဈေးဖြင့် ရောင်းချနေဆဲဖြစ်ပြီး အလေးချိန် မမှန်ကန်မှုများလည်း ရှိနေဆဲ ဖြစ်သည်ဟု အိမ်ရှင်မများကဆိုသည်။
ပုသိမ်မြို့တွင် အမဲသား ၊ ငါး ၊ ဟင်းသီး ဟင်းရွက် နှင့် စားသောက်ကုန်များကို ဈေးရုံများတွင် ရောင်းချနေမှုအခြေအနေမှာ တပ်နယ် စည်ပင်သာယာဈေး အပါအဝင် ဈေးပေါင်းရှစ်ဈေးရှိပြီး စည်ပင်သာယာ အဖွဲ့ကို ဈေးကောက်ပေး၍ရောင်းချနေသည့် လမ်းဘေးပျံကျဈေးပေါင်း ၁၀ ဈေး ရှိနေသည်ဟု စည်ပင်သာယာအဖွဲ့ ထံမှ သိရသည်။
#အမဲသား #စည်ပင်သတ်မှတ်ဈေး #တိုင်ကြားမှု #သက်ဆိုင်ရာ #အရေးယူမှုမရှိ
#Ayeyarwaddy_Times