
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ကောင်စီနှင့်နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၄ရက်နေ့မနက်ပိုင်းအချိန်မှစ၍ စစ်ကောင်စီက ပင်လည်ဘူးမြို့အတွင်းကို ဂျက်ဖိုက်တာ လေးစီး၊ Y-12 တစ်စီးတို့ဖြင့်လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး Y-12လေယာဉ်ဖြင့် ဗုံးသီး အလုံး ၇၀ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“လေကြောင်းကနေနေ့စဉ်လို လာတိုက်ခိုက်တယ်။ မြေပြင်ပိတ်ဆို့ထားလို့ စစ်ကူကို ရဲစခန်းနားပို့မရဘူး ပင်လည်ဘူးမြို့နယ်ထဲက ရွာတွေဘက်မှာ ချသွားတယ်။ အနီးကပ်လာမရပ်ရဲဘူး လေယာဉ်က။ ကျန်တဲ့ ပွိုင့်တစ်ခုကို သိမ်းပြီးရင် ပင်လည်ဘူး ရပါပြီ” ဟု ထောက်ပို့ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တော်လှန်ရေးတပ်များသည် ပြီးခဲ့သည့် ဩဂုတ် ၂၆ရက်နေ့က စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း ရဲရိပ်သာစခန်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက ဩဂုတ် ၂၇ရက်နေ့တွင် စစ်အင်အားနှင့် လက်နက်ရိက္ခာများကို လေယာဉ်ဖြင့် ဘန့်ဘွေးကုန်းရွာအနီးသို့ စစ်ကူပို့ခဲ့ကြောင်း သိရသည်။
ပင်လည်ဘူးရှိ စစ်ကောင်စီအခိုင်အမာ တပ်စွဲထားရာ ကျောက်တိုင်ကုန်း၊ ဆေးရုံအထိုင်စခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် စခန်းတစ်ခုကို ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲကိုပြီးခဲ့သည့် ဩဂုတ် ၁၅ရက်နေ့မှစ၍ ဆင်နွှဲနေခြင်းဖြစ်ပြီး အင်းတော်မြို့သိမ်းတိုက်ပွဲကိုပါ တစ်ပြိုင်နက်တည်း ဆင်နွှဲနေခြင်းဖြစ်သည်။
စစ်ကောင်စီက ကန့်ဘလူနှင့်ဝန်းသိုမှ စစ်ကောင်စီတပ်များနှင့် ပြည်သူ့စစ်၊ ပျူစောထီးများကိုပါ ပင်လည်ဘူးမြို့အတွင်းသို့ လေယာဉ်ဖြင့် စစ်ကူပို့ပေးလျက်ရှိသည်။
#စစ်ကိုင်း #ပင်လည်ဘူး #စစ်ကောင်စီ #တော်လှန်ရေးတပ်ပေါင်းစု #မြေပြင်ပိတ်ဆို့ #လေကြောင်းမှစစ်ကူပို့ #တိုက်ခိုက် #Ayeyarwaddy_Times