ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်- ပန်းတောင်း ရိုးမဖြတ်ကျော်လမ်းတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ကုတ်- ပန်းတောင်း ရခိုင်ရိုးမတောင်ကျော်လမ်းရှိ ခွေးတောက်၊ တန်းလျှားကြီး၊ ရပ်တော်မူစသည့် ကျေးရွာတစ်ဝိုက်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၃ရက်နေ့ နံနက် ၉နာရီခန့်မှစ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက နံနက်၁၁နာရီခန့်တွင် လေကြောင်းမှလာရောက်၍ ခွေးတောက် တောင်ကြော တစ်လျောက်နှင့် အနီးဝန်းကျင်ရွာများကို ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

“ညနေ ၄နာရီလောက်မှာ လေယာဉ်နဲ့ဗုံးလာထပ်ချတယ်။ တောင်ကုတ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ညကြီး ၁၁တီးတဲ့အထိ ပစ်သံတွေကြားနေရတယ်ပြောတယ်” ဟု တောင်ကုတ်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၆ရက်နေ့ကလည်း တောင်ကုတ်တက္ကသိုလ်အနီး တိမ်းချောင်းဖျားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးအလုံးရေ ၃၀၀ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် တောင်ကုတ်မြို့အဝင်အထွက်ဂိတ်၊ ဝန်ထမ်းအိမ်ရာ၊ တောင်ကုတ်တက္ကသိုလ်တို့ အနီးတွင် လက်နက်ကြီးများတပ်ဆင်ထားပြီး မြို့အတွင်းရှိ အထပ်မြင့်အဆောက်အဦးများ ပေါ်တွင် လည်း စနိုက်ပါများတပ်ဆင်နေရာယူထားကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် တောင်ကုတ်မြို့အတွင်းကို တိုက်ပွဲဖြစ်ပွားခင်းမရှိသေးခင်ကတည်းက လေကြောင်းမှဗုံးကြဲမှုများဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ် ၃၁ရက်နေ့က ခရိုင်ကျွန်း လက်ပံကျေးရွာ၊ ဖုန်ညို၊ ခေါင်းလောင်းတူ၊ တရဂူကျေးရွာများသို့ စစ်ကောင်စီက ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်းအပြင် တောင်ကုတ်-အမ်းလမ်းပိုင်းရှိရွာများနှင့် တောင်ကုတ်- မအီလမ်းပိုင်းရှိကျေးရွာများကို လည်း စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

#တောင်ကုတ် #ပန်းတောင်း #ရခိုင်ရိုးမဖြတ်ကျော်လမ်း #စစ်ကောင်စီ #AA #တိုက်ပွဲဖြစ် #Ayeyarwaddy_Times