မြရာ/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်

ရှမ်းမြောက်၊ နောင်ချို၊ တောင်ခမ်းကျေးရွာရှိ အမြောက်တပ်စခန်းများကို တအာင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်ပူးပေါင်းတပ်က နှစ်လကျော်ကြာတိုက်ခိုက်ခဲ့ရာ အမြောက် စခန်း တစ်ခုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၅ ရက်နေ့တွင် ကျန်ရှိနေသည့် အမြောက်တပ်စခန်း ၂ ခုအနက်မှ အမြောက်ကွပ် ကဲမှုဌာနချုပ် မစခ -၉၀၂) ကို TNLA ကသိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေသည့် အမြောက်တပ်ရင်း အမတ ၃၅၄ ကို ဆက်လက်တိုက်ခိုက် နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“တိုက်ကွဲကဖြစ်နေတုန်းပါ။ လေယာဉ်က တောက် လျှောက်လာနေတာ။ တပ်ရင်းတခုကိုတော့ နယ်မြေ ရှင်းလင်းရေးလုပ်ပြီးပါပြီ။ အလုံးစုံမရသေးပါဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်းတွင် TNLA က စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းယူထားကာ အမြောက်တပ်ဆင် ထားသည့် သံချပ်ကာ ကားကြီးများကို အသုံးပြု၍ တိုက်ခိုက်နေသည့် ရုပ်သံဖိုင်ကို ယမန်နေ့ စက်တင်ဘာ ၄ ရက်နေ့ ညပိုင်းတွင် TNLA ကထုတ်ပြန်ခဲ့သည်။

ရုပ်သံဖိုင်တွင် စစ်ကောင်စီ၏ သံချပ်ကာကားများကို အသုံးပြုချီတက်လာသည့်အပြင် သိမ်းဆည်း ရမိသည့် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီရုပ်အလောင်းများကို ရိုက်ကူးထားသည့် မှတ်တမ်းများ ပါဝင်သည်။

တောင်ခမ်းရှိ အမြောက်တပ်စခန်း ၄ ခုရှိသည့်အနက် အမတ ၄၀၆ နှင့် အမတ ၂၀၆ တို့ကို ဩဂုတ်လ ၂၈ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး မစခ ၉၀၂ ကိုမူ ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီက မြေပြင်စစ်ကြောင်းအပြင် လေ ကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ပြင်ဦး လွင်မြို့ကပါ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး တောင်ခမ်းကို အပြင်းအထန်ခုခံကာကွယ်လျက်ရှိသည်။

တောင်ခမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အခြေစိုက်တပ်ရင်းများအပြင် ပြည်နယ်အသီးသီးမှ တပ်ပေါင်းစုံမှ ထုတ်နုတ်အင်အားများနှင့် ကျောက်မဲ၊ သီ ပေါတို့မှ စစ်ရှုံး၍ထွက်ပြေးလာသည့် တပ်ရင်းအချို့ပါ ပူးပေါင်း၍ခံစစ်ပြင် တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-TNLA
#ရှမ်းမြောက် #နောင်ချို #တောင်ခမ်း #အမြောက်တပ်ရင်း #မစခ၉၀၂ #TNLAသိမ်းပိုက် #Ayeyarwaddy_Times