ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ရက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့တွင်တိုက်ပွဲများဖြစ်ပွားပြီး ဒေသခံ ၁၀၀၀ နီးပါး အင်းတော်မြို့မ ဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေကြောင်း သိရသည်။

စစ်ကောင်စီက ပိတ်မိနေသည့်ပြည်သူများကို အပြင်ထွက်ခွင့်မပေးဘဲ ထွက်ပြေးသူများကို ပစ်ခတ် ဖမ်းဆီးပြီး ဘုန်းကြီး ကျောင်းအတွင်း ပြန်လည် ဖမ်းခေါ်လာကြောင်း သိရသည်။

စစ်ကောင်စီက စားနပ်ရိက္ခာပြတ်လပ်နေသည့်အတွက် ပိတ်မိပြည်သူအချို့ကို ခေါ်ထုတ်ကာ လူသား ဒိုင်းအဖြစ်အသုံးပြုပြီး မြို့အတွင်းရှိနေအိမ်များကိုဖောက်ထွင်း၍ စားနပ်ရိက္ခာများကို သယ်ယူရန် အတွက် စေခိုင်းနေကြောင်း သိရသည်။

“၁၆ရက်နေ့ကတည်းက အိမ်ကမိသားစုတွေ မြို့ထဲပိတ်မိကျန်နေခဲ့တာ ဖုန်းလိုင်းလည်းမရဘူး။ ဘုန်းကြီး ကျောင်းထဲ ကြပ်ညပ်အောင်ဖမ်းခေါ်ထည့်ထားတာကြားတယ်။ အစားအစာလည်း ပြတ်နေပြီဆိုတဲ့ သတင်းတွေလည်း နီးစပ်ရာဆီက ပြန်ကြားနေရတယ်” ဟု အင်းတော်မှ စစ်ရှောင်လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အင်းတော်ဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေသူများမှာ စားနပ်ရိက္ခာပြတ်လပ်ပြီး လူဦးရေများလွန်း သည့်အတွက် နေရာ ထိုင်ခင်းအတွက်ပါ ဒုက္ခရောက်နေကြောင်း သိရသည်။

ဒဏ်ရာရရှိသူအချို့မှာလည်း ဆေးကုသခွင့်မရသည့်အတွက် ဒဏ်ရာများပိုမိုဆိုးရွားလျက်ရှိပြီး ယခု ရက်ပိုင်းအတွင်းတွင် အသက် ၂၈နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၀အရွယ်အမျိုးသား တစ်ဦးတို့သည် ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့ပြီး သေဆုံးအလောင်းများကိုလည်း ဘုန်းကြီးကျောင်းဝင်း အတွင်း၌ပင် မြှုပ်နှံလိုက်ရကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဩဂုတ် ၁၆ရက်နေ့ကစ၍ အင်းတော်မြို့ရှိ စစ်ကောင်စီ စခန်းများကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၂၂ရက်နေ့တွင် နဘားလမ်းဆုံရှိ စစ်ကောင်စီတပ်စခန်းနှင့် အင်းတော်မြို့မရဲစခန်းတို့ကို သိမ်းယူနိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၁၈၀ ခန့်သေဆုံးကြောင်း သိရသည်။

လက်ရှိတွင် အင်းတော်မြို့မဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေသူများသည် ရက် ၂၀ခန့်ကြာပြီဖြစ်၍ စားနပ် ရိက္ခာနှင့် ဆေးဝါး အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ပုံစာ- ပျက်စီးနေသည့် အင်းတော်မြို့မြင်ကွင်း
#စစ်ကိုင်း #အင်းတော် #မြို့မဘုန်းကြီးကျောင်း #ပြည်သူတစ်ထောင်ခန့် #ပိတ်မိ #Ayeyarwaddy_Times