
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ စက်တင်ဘာ ၅ ရက်
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့သို့ ယမန်နေ့ စက်တင်ဘာ ၄ ရက်နေ့က စစ်ခေါင်းဆောင်မင်းအောင်လှိုင်လာရောက်စဉ်တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။
စစ်ခေါင်းဆောင် ရောက်ရှိနေချိန်တွင် ၎င်းတို့ထံမှ သိမ်းဆည်းရမိထားသည့် ၁၂၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အဆိုပါနေ့ညနေပိုင်းတွင် စစ်ကောင်စီက လွိုင်ကော်မြို့ အနောက်ဘက်ရှိဘုရားဖြူရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ယနေ့ စက်တင်ဘာ ၅ ရက်နေ့တွင်လည်း ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နန်းမယ်ခုံဒေသသို့ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရသည်။
“သူလုပ်တဲ့ပွဲမပြီးသေးဘူးပြောတယ်။ မပြီးတော့ ကျွန်တော်တို့လက်နက်ကြီးထုတဲ့အချိန် သူရှိတဲ့နေရာနဲ့ နည်းနည်းနီးတယ်လို့သိရတယ်။ အခုတလောက ကရင်နီမှာတိုက်ပွဲတွေပိုဖြစ်လာတယ် နယ်စပ်တလျှောက်မှာရော ဒီးမော့ဆိုမှာရော၊ အဲ့တော့သူလာလို့လည်းဖြစ်နိုင်တယ်။ သူလာပြီး ကြွားလုံးလာထုတ်တဲ့အချိန် အဲ့ဒီအချိန်မှာ သူကိုယ်တိုင်ကမလုံမခြုံပြန်ပြေးရတော့ ပြန်ပစ်တာလားမသိဘူး။ သေချာတာတစ်ခုကတော့ နှစ်ခုစလုံးကဆက်စပ်မှုရှိပါတယ်” ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး-၂ ဖြစ်သူ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်သည် လွိုင်ကော်မြို့သို့ရောက်ရှိစဉ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ(လွိုင်ကော်) နှင့် လွိုင်ကော်မြို့နယ်ခန်းမ တို့တွင် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး သန်းခေါင်စာရင်းကောက်ယူရန်ကိစ္စရပ်များ နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းကို ပြောဆိုသွားခဲ့ကြောင်း သိရသည်။
ယခုအခါ ကရင်နီပြည်နယ်အတွင်း လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်၊ ကရင်နီ-ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့၊ ဘောလခဲ၊ ဖားဆောင်း စသည့် ဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကြောင်းလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – Myanmar Newspaper
#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #လွိုင်ကော် #လေကြောင်းတိုက်ခိုက် #လက်နက်ကြီးပစ်ခတ် #Ayeyarwaddy_Times