ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်

ကရင်နီပြည်နယ်ရှိ စစ်ကောင်စီထံမှ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့နှင့်တပ်စခန်းများ ကို ပြန်လည်သိမ်းယူပြီး ကရင်နီပြည်နယ်ကို နဂိုအတိုင်း ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်မည် ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယမန်နေ့ စက်တင်ဘာ ၄ ရက်နေ့က ကရင်နီပြည်နယ် လွိုင်ကော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် ပြည်နယ်ခန်းမတို့တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲ၌ စစ်ခေါင်းဆောင်က ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF)က စစ်ခေါင်းဆောင် လာရောက်သွားသည့် နေရာများ ကို ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း စစ်ခေါင်းဆောင်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ညနေ ၃ နာရီတွင်ပြန်လည်ထွက်ခွာသွားသည့် အတွက် ထိမှန်သွားခြင်းမရှိကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံများ စစ်ရှောင်နေရသည့် ကရင်နီ ပြည်နယ်တွင် ၂၀၂၄ ခုနှစ်အတွက် သန်းခေါင် စာရင်း ကောက်ယူမှုကို အမြန်ဆုံးလုပ်ဆောင်သွားမည်ဟု လည်း စစ်ခေါင်းဆောင်က ပြောသည်။

အဖက်ဖက်မှ စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်က နိုင်ငံကို မူလအတိုင်းကောင်းမွန်အောင် ပြုလုပ်မည်ဟု အမြဲလိုပြောဆိုနေပြီး ယခုလွိုင်ကော်လာရောက်စဉ် တွင်လည်း ကရင်နီပြည်နယ်ကို နဂိုအတိုင်း ပြန်လည် ကောင်းမွန်အောင် ပြုလုပ်ပေးမည်ဟု ပြောဆိုခဲ့သည်။

တော်လှန် ရေးတပ်ဖွဲ့များသည် ကရင်နီပြည်နယ်အတွင်းရှိ မိုးဗြဲ၊ ဒီးမော့ဆို၊ ရှားတော၊ နန်းမယ်ခုံ၊ မော်ချီး၊ ရွာသစ်နှင့် မယ်စဲ့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

စစ်ခေါင်းဆောင်ပြန်သွားပြီးနောက် စစ်ကောင်စီသည် ယမန်နေ့မှစ၍ ယနေ့ စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းအထိ လေ ကြောင်းမှ တိုက်ခိုက်ပြီး ပေါင် ၅၀၀ ဗုံးများဖြင့်ပါ ကြဲချခဲ့ကြောင်း သိရသည်။

ပုံစာ-စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စက်တင်ဘာ ၄ ရက်နေ့က ကရင်နီသို့ လာရောက်စဉ်
#ကရင်နီ #လွိုင်ကော် #စစ်ခေါင်းဆောင်သွားရောက် #၁၂၀မမအထုခံရ #Ayeyarwaddy_Times