ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်

ဧရာ၀တီတိုင်း ၊ ကန်ကြီးထောင့်မြို့နယ်တွင် စက်တင်ဘာ ၁ရက်နေ့ညပိုင်းက အောက်တံခွန်တိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကို ဓားဖြင့်ခုတ်သွားသူအား ပဲခူးတိုင်းရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၃ရက်နေ့ မနက် ၄နာရီခန့်တွင် ပဲခူးတိုင်း ဘောနတ်ကြီးကျေးရွာ (၃၉)မိုင်စစ်ဆေးရေးဂိတ်တွင် အုပ်ချုပ်ရေးမှူးကိုဓါးဖြင့်ခုတ်ကာတိမ်းရှောင်လာသော ဦးဆန်းလင်းကို
ခရီးသည်တင်ကားပေါ်တွင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

“ရန်ကုန်ကနေ မော်လမြိုင်သွားတဲ့ သီရိရတနာ မှန်လုံယာဥ်ပေါ်မှာ သူနဲ့အတူ မိသားစုသုံးယောက်ကိုတွေ့ရှိဖမ်းဆီးခဲ့ပြီး ကန်ကြီးထောင့်ကိုပြန်ခေါ်လာတာ”ဟုမြို့နယ် ရဲတပ်ဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဦးဆန်းလင်းသည် အုပ်ချုပ်ရေးမှုး ဦးအောင်နိုင်နှင့် အိမ်ခြင်းကပ်နေထိုင်သူဖြစ်ပြီး စစ်မှုမထမ်းလိုပါက ငွေပေးရန်ခြိမ်းခြောက်ခံရမှုကြောင့် ဓါးဖြင့်ခုတ်ခြင်းဖြစ်ကြောင်း သိရသည်။ ဦးအောင်နိုင်သည် လည်ပင်းပြတ်ရှဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး ဝင်ဆွဲသော ဇနီးဖြစ်သူမှာ မေးစိ၊နားရွက်၊ လက်များတွင်ပြတ်ရှဒဏ်ရာများရရှိခဲ့ကာ ကျိုက်လတ်တိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရှိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်သည် ကျေးရွာအတွင်း စစ်ကောင်စီ ၏ စစ်မှုထမ်းဥပဒေကိုအသုံးချကာ ငွေကောက်ခံခြင်း နှင့်ကျေးရွာအတွင်းရှိ အမျိုးသားများကို
စစ်မှုထမ်းရန် ခြိမ်းခြောက်ဖိအားပေးခြင်းများကို ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ကြောင်း ဒေသခံများက မှတ်ချက်ပေးသည်။

ဓာတ်ပုံ-ပဲခူးတိုင်းအတွင်းရှိ စစ်ဆေးရေးဂိတ်

#ကန်ကြီးထောင့် #အုပ်ချုပ်ရေးမှူး #ဓားဖြင့်ခုတ်သွားသူ #ပဲခူးတိုင်း #စစ်ဆေးရေးဂိတ် #ဖမ်းဆီး
#Ayeyarwaddy_Times