ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၅ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မဒေါင်းလှရွာရှိ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ခင်ဦးနှင့် ကန့်ဘလူအစပ်ရှိ ကျေးရွာများကို နေ့စဥ်မီးရှို့နေကြောင်း သိရသည်။

ပြီးခဲ့သည် စက်တင်ဘာ ၂ ရက်နေ့မှစတင်ကာ ယနေ့ စက်တင်ဘာ ၅ ရက်နေ့အထိ ခင်ဦးမြို့နယ်နှင့် ကန့်ဘလူမြို့နယ်အစပ်ရှိ မဒေါင်းလှမြို့နယ်ကျေးရွာ အနီးရှိ ကျေးရွာရှစ်ရွာကို စစ်ကာင်စီနှင့် ပျူစော ထီးများက မီးရှို့ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ပျူတွေအထိနာပြီး ဘေးနားကရွာတွေကို မီးလိုက်ရှို့နေတာ။ လေကြောင်းကလည်း တောက်လျှောက် လာပစ်နေတာ။ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ခင်ဦးဒေသခံတဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်နေ့မှစတင်ကာ မဒေါင်းလှ ပျူစောထီးရွာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက ပြီးခဲ့သည့် သြဂုတ် ၁၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ လေကြောင်းဖြင့်နေ့စဥ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့တွင် ကန့်ဘလူမြို့နယ်မှ ဦးဝါသ၀လက်အောက်ခံ စစ်ကြောင်းနှင့် ကန့်ဘလူသကြားစက်မှ စစ်ကြောင်း စုစုပေါင်းအင်အား ၁၇၀ ခန့်သည် ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကူ၀င်ရောက်လာခဲ့ကြောင်း People’s Defense Comrade က ထုတ်ပြန်ထားသည်။

ထိုသို့ရောက်ရှိလာသည့် စစ်ကြောင်းသည် စက်တင်ဘာ ၂ ရက်နေ့တွင် ခင်ဦးနယ်မြောက်ဘက်ခြင်းရှိ ငကြိုင်းရွာကို စတင်မီးရှို့ခဲ့ပြီး စက်တင်ဘာ ၃ ရက်နေ့တွင် အင်ကြင်းပင်၊ စောကြီး၊ သနပ်စိန်၊ ဖန်းခါးကုန်းရွာတို့ကို မီးရှို့ခဲ့ကာ စက်တင်ဘာ ၄ ရက်နေ့တွင် ပေါက်ဆောရွာနှင့် လှည်းတွင်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဆီဆုံလေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုး၍ ကျေးရွာ များကို မီးရှို့ဖျက်ဆီးနေသည့်အပြင် လေကြောင်းမှ ခင်ဦးမြို့နယ်တစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ငှက်ပျော၊ သရက်ကန်၊ ပေကုန်း၊ စည်ပုတ္တရာ၊ ဂျပို့၊ ပေါက်သင့်တုံ၊ စောကြီး၊ ပေါက်တော၊ တဲကြီး၊ ဖန်းခါးကုန်း၊ အင်ကြင်းပင်၊ သနပ်စိန်၊ ငကြိုင်း၊ ရွှေကာ၊ မဒေါင်းကြီး၊ ငါးရုံကြီး၊ ရှားတော၊ နှဲတွင်း၊ ဆီဆုံလေး စသည့် ကျေးရွာပေါင်း ၁၅ ရွာမှ ဒေသခံပြည်သူ သောင်းနှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ပုံစာ-ခင်ဦး မြောက်ခြမ်းရှိ ကျေးရွာမှ ဒေသခံများ စစ်ရှောင်များ
#စစ်ကိုင်း #ခင်ဦး #မဒေါင်းလှ #စစ်ကြောင်း #ပျူစောထီး #ကျေးရွာ၈ရွာ #မီးရှို့ #Ayeyarwaddy_Times