
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာများသို့ ဆိုင်ကယ်ဖြင့် စျေးလိုက် ရောင်းသည့် အရပ်သားတစ်ဦးကို စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွင် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၅ ရက်၊ နေ့လည် အချိန်တွင် ဆောမြို့နယ်မှ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆိုင်ကယ်ဖြင့် စျေးလာရောင်းသည့် အမျိုးသားတစ်ဦးသည် လမ်းမှားပြီး စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်နှင့် တိုးမိ၍ ပစ်သတ်ခံရခြင်းဖြစ်သည်။
“ဆိုင်ကယ်သမားက ဆောကနေ ကန်ပက်လက်ဘက်က နယ်ကျေးရွာတွေမှာ စျေးအရောင်း၊ ပစ္စည်းပို့ လုပ်တာ။ လမ်းအခြေနေက သိပ်မသိဘူး။ မနေ့က လမ်းမှားပြီးတော့ ကန်ပက်လက်မြို့အဝင် စစ်တပ်ဂိတ်ဘက် ရောက်သွားတယ်။ သူက နောက်ပြန်လှည့်ပြီး စစ်တပ်က မမေးမြန်းဘဲ ပစ်သတ်လိုက်တာဖြစ်တယ်” ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသွားသည့် ရုပ်အလောင်းကို ဒေသခံများက ယနေ့ မနက်ထုတ်ယူစဥ် စစ်ကောင်စီမှ သေဆုံးသူအမျိုးသားသည် ၎င်းတို့၏ စစ်ဆေးရေးဂိတ်ရောက်ရှိချိန်တွင် ကြောက်လန့်၍ ဆိုင်ကယ်ကို နောက်ပြန်လှည့်မောင်းထွက်ပြေးသွားသည့်အတွက် မသင်္ကါ၍ ယခုကဲ့သို့ ပစ်သတ်ခြင်းဖြစ်သည်ဟု ဝန်ခံခဲ့ကြောင်း သိရှိရသည်။
ကန်ပက်လက်မြို့နယ်ရှိ ဒေသခံများသည် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးတင်းကျပ်သည့်အတွက် ကန်ပက်လက်မြို့သို့ သွားရောက်ဝယ်ယူခြင်းမပြုလုပ်တော့ဘဲ မကွေး၊ ဆောဘက်မှ အဓိကဝယ်ယူနေရကြောင်း သိရသည်။
“ကျွန်တော်တို့ နယ်ဘက်ကနေ ကန်ပက်လက်မြို့ကို စျေးဝယ်တာဖြစ်ဖြစ် အသွားအပြန် စစ်တပ်ဂိတ်မှာ အကုန်စစ်ဆေးခံရတယ်။ ဒါတောင် သူတို့ခွင့်ပြုမှ အဝင်/အထွက်ရတာဖြစ်တယ်။ အဲ့ဒီအတွက် ရွာဘက်လူတွေက ပစ္စည်းတစ်ခုခုဝယ်မယ်ဆို ကန်ပက်လက်ဘက်က မဝယ်တော့ဘဲ မကွေး၊ ဆောဘက်ကနေ ဝယ်တော့တယ်။ ကိုယ်က ပစ္စည်းတစ်ခုခုလိုချင်ရင်လည်း ဆောဘက်ကို ဖုန်းနဲ့ လှမ်းမှာရင် ကယ်ရီသမားတွေက လာပို့ပေးတာတွေရှိတယ်” ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကန်ပက်လက်မြို့တွင် တိုက်ပွဲမရှိသည်မှာ သုံးလကျော်ကြာမြင့်ပြီဖြစ်သော်လည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို မြို့အဝင်အထွက်နှင့် မြို့ထဲတွင် လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမူများပြုလုပ်နေဆဲဟု သိရှိရသည်။
လက်ရှိ ကန်ပက်လက်မြို့တွင် စစ်ကောင်စီတပ်သည် အစိုးရအဆောက်အဦးနှင့် အထပ်မြင့်အဆောက်အဦးတို့တွင် တပ်ကိုအခိုင်မာတည်ဆောက်ပြီး ခံစစ်အဖြစ် ပြင်ဆင်ဆောင်ရွက်ထားသည်။
#ကန်ပက်လက်မြို့ #ဆိုင်ကယ်ဖြင့်စျေးရောင်း #အရပ်သားတစ်ဦး #စစ်ကောင်စီပစ်သတ် #Ayeyarwaddy_Times