ဧရာဝတီတိုင်းမ်
(အင်းစိန်)၊ စက်တင်ဘာ ၄ ရက်

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်တွင် မုဒိန်းမှုဖြင့်ထောင်ကျနေသည့် အခန်းသူကြီးဖြစ်သူ အကျဉ်းသားက ထောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အဓမ္မ ပြုကျင့်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယနေ့ စက်တင်ဘာ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်ပုဒ်မ-၅၀(ည) ဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခြင်းခံထားသူ အသက်၂၅ နှစ်အရွယ် နိုင်ငံရေး အကျဉ်းသားတစ်ဦးသည် တီဘီရောဂါကြောင့် ထောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဥ် မုဒိန်းမှု ပုဒ်မ-၃၇၆ ဖြင့် ထောင်ဒဏ် ၁၀ နှစ်ကျခံနေသည့် အကျဉ်းသား ဇင်မျိုးကို (ခ) မျိုးကြီးက ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက် နံနက် ၃ နာရီဝန်းကျင်တွင် ခြိမ်းခြောက်ထိုး ကြိတ်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

“ဖြစ်စဉ်က ဩဂုတ်လ ၂၀ ရက်နေ့ကဖြစ်တယ်ပေါ့။ သက်သေအထောက်အထားတွေနဲ့ အချက်အလက် တွေယူရတဲ့ ကာလက အနည်းဆုံး အချိန် ၁၀ ရက်လောက်ကြာခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားနဲ့ အခြားရာဇ၀တ်မှု အကျဉ်းသားတွေမသိအောင် အဆောင်မှူး အောင်ကျော်ဆင့်ကိုယ်တိုင် ကျူးလွန် ထားတဲ့လူကော ကျူးလွန်ခံရတဲ့လူကော ခေါ်တွေ့စဉ်အချိန်ကာလမှာ နှုတ်ပိတ်ထားတာကို မှတ်တမ်း ရထားတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့စုံစမ်းရတဲ့အခါ အချိန်တစ်ခုယူခဲ့ရတာဖြစ်ပါတယ်” ဟု PPNM မှ တာဝန်ရှိသူကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ကျူးလွန်ခံရသည့် နိုင်ငံရေးအကျဉ်းသားမှာ ထောင်ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရဆဲဖြစ်ပြီး မူလဆေးကုသမှုခံယူနေသည့် တီဘီရောဂါမှာလည်း သက်သာခြင်းမရှိဘဲ ရောဂါ အခြေအနေ ပိုမိုပြင်းထန်လာကြောင်း သိရသည်။

ထိုသို့ အဓမ္မပြုကျင့်မှုဖြစ်ပွားပြီးနောက် အဆောင်မှူးအောင်ကျော်ဆင့်က ကျူးလွန်သူ ဇင်မျိုးကိုအား အပြစ်ပေးခြင်းမပြုဘဲ သတင်းအမှောင်ချထားပြီး သတင်းပေါက်ကြားပါက နှစ်ဦးစလုံးကို တိုက်ပိတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အ‌ဆောင်မှူးအောင်ကျော်ဆင့်က ၎င်းတာဝန်ယူထားသည့် အဆောင်များတွင် အကျဉ်းသား အချင်းချင်း အုပ်ချုပ်ရသည့် ရာထူးများအတွက် ငွေကြေးရယူကာ ရာဇဝတ်သားအကျဉ်းသားများကို ဝာာဝန်ပေးထားပြီး နိုင်ငံရေးအကျဉ်းသားများအပေါ် ယခုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ခွင့်ပြုပေးထားကြောင်း သိရသည်။

“ကျူးလွန်တဲ့လူကိုတော့ တိုက်ကို ပို့လိုက်တယ်လို့ပြောတယ်ပေါ့။ ဒီကျူးလွန်မှုက သူရထားတဲ့ အခန်းသူကြီးဆိုတဲ့ ရာထူးကို အသုံးချပြီးမှ အကျဉ်းသားအချင်းချင်းလူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်သလို ဒါဟာ ရာဇ၀တ်မှုကျူးလွန်တာ ဖြစ်ပါတယ်။ မုဒိန်းမှုကျူးလွန်တာဟာ ထောင်တွင်းတရားရုံး ကနေသော်လည်းကောင်း၊ ပြင်ပတရားရုံးကနေသော်လည်းကောင်း ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုထိတော့ ဘာတရားစွဲဆိုခြင်း၊ အမိန့်ချမှတ်ခြင်း မရှိတာကို စိတ်မကောင်းဖွယ်တွေ့ရပါတယ်” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ဆက်လက်ပြောသည်။

PPNM အနေဖြင့် အဖွဲ့စတင်ဖွဲ့စည်းချိန်မှ ယခုကာလအထိ လက်ရှိဖြစ်စဥ်အပါအဝင် အကျဉ်း ထောင်တွင်း အဓမ္မကျင့်ခံရသည့် ဖြစ်စဉ် နှစ်ခုကို မှတ်တမ်းရယူထားနိုင်ပြီး အမျိုးသမီးအကျဉ်းသူ များအပေါ်တွင်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ အကြာခဏဖြစ်ပွားနေကြောင်း PPNM ထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#အင်းစိန်ထောင် #စစ်ကောင်စီ #အကျဉ်းသား #နိုင်ငံရေးအကျဉ်းသား #မုဒိန်းကျင့်ခံရ #Ayeyarwaddy_Times