ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့နယ်တွင် စက်တင်ဘာလအစပိုင်းမှစတင်ပြီး စစ်ကောင်စီက ပေါ်တာဆွဲသည့်သတင်းများထွက်ပေါ်လာပြီးနောက် ညပိုင်းအပြင်ထွက်သူမရှိသလောက်နည်းသွားကြောင်း ဒေသခံများထံမှသိရသည်။

“အရင်ဆို ပုသိမ်မှာက မိုးရွာရွာနေပူပူ ညဘက်ဆို ကမ်းနာလမ်းနဲ့ တံတားသစ်ရူခင်းသာရင်ပြင်မှာ ကြိတ်ကြိတ်တိုးပဲ ခုသတင်းတွေထွက်လာတော့ ည၈နာရီဆို မြို့ထဲမှာလူမရှိတော့ဘူး “ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ညဘက်အပြင်ထွက်သူ မရှိသလောက်နည်းပါးသွားပြီး ကျေးရွာများရှိ စစ်ကောင်စီကိုထောက်ခံသူများက ပေါ်တာဆွဲနိုင်ကြောင်း သတိပေးမှုများ ပြုလုပ်နေကြောင်းသိရသည်။

“တစ်ရွာကိုဘယ်နှစ်ယောက်ဆွဲမယ်ဆိုပြီး ​သတင်းတွေထွက်နေတာ ၊ ညပိုင်းဆိုစစ်တပ်က ကားတွေနဲ့ပတ်နေတာတော့တွေ့တယ်။ အပြင်ထွက်ဖို့နေနေသာသာ အိမ်ထဲမှာတောင်မလုံခြုံဘူး”ဟု ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့်သဩဂုတ်လအတွင်းက ပုသိမ်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ လူငယ်ငါးဦး ကို စစ်ကောင်စီမှ အိမ်စီးကားနှင့်အတင်းခေါ်ဆောင်ကာ စစ်သင်တန်းသို့ပို့ဆောင်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွါးခဲ့သေးသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး ပေါ်တာဆွဲခြင်းမဟုတ်ပဲ စစ်မှုထမ်းဥပဒေအရ စာရင်းပါ၍ တိမ်းရှောင်မည်စိုးသောကြောင့် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

#ပေါ်တာဆွဲ #သတင်းများ #ပုသိမ် #ညဘက် #အပြင်ထွက်သူ #မရှိသလောက်ဖြစ်လာ #Ayeyarwaddy_Times