ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ ဆက်တိုက်မြင့်တက်လာ သော်လည်း ယခုရက်ပိုင်းတွင် အနည်းငယ် ပြန်လည်ကျဆင်းလာသည်ကို တွေ့ရသည်။ ပြည်ပသွင်းကုန် စက်သုံးဆီနှင့်စားအုန်းဆီဈေးက ဈေးအမြင့်တွင်ရှိနေဆဲဖြစ်ပြီး လိုအပ်သလို ဝယ်ယူနိုင်ခြင်းမရှိပေ။

အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းဆက်တိုက်မြင့်တက်လျက်ရှိရာ ပြည်တွင်းလူသုံးများသည့် စားသောက်ကုန်နှင့် ဖြည့်စွက်စာ ပစ္စည်းအချို့ပြတ်လပ်လျက်ရှိကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

လက်ရှိစက်သုံးဆီတစ်လီတာ ကျပ် ၅၀၀ ကျော်ဈေးမြင့်တက်သဖြင့် ကုန်စည်ပို့ဆောင်ရေးအပါအဝင် စက်သုံးဆီသုံးစွဲကာ လုပ်ဆောင်ရသည့် ကဏ္ဍများအားလုံးဈေးနှုန်းမြင့်တက်လာသည်။

နိုင်ငံခြားငွေလဲလှယ်ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာအပါအဝင် ထိုင်းဘတ်နှင့် တရုတ်ယွမ် ဈေးနှုန်းများ အမြင့်ဈေးကနေ အနည်းငယ်ကျဆင်းလာသည်။ ပြည်တွင်းအခေါက်ရွှေဈေးလည်း လိုက်ပါ ကျဆင်းလာသည်။

စစ်ကောင်စီသည် ပြည်သူလူထုထံမှ ငွေညှစ်နေရာတွင် လာမည့်အောက်တိုဘာလမှစတင်ကာ ရွှေဝယ် ယူမှုအပေါ် အခွန် ၃ ရာခိုင်းနှုန်းကောက်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီက အခွန်တိုးကောက်ရာတွင် ရွှေစင်၊ ရွှေတုံး၊ ရွှေချောင်း၊ ရွှေဒင်္ဂါးအပါအဝင် ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်အပါအဝင် ပြည်ပမှ တင်သွင်းခြင်း အတွက် ကုန်းပေါ်ရောက်တန်ဖိုးအပေါ် ၃ ရာခိုင်နှုန်းနှင့် ကုန် သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည်ဟု သတ်မှတ်လိုက်သည်။

ယခင်က ရွှေထည်လက်ဝတ်ပစ္စည်းဝယ်ယူမှသာ အခွန် ၁ ရာခိုင်နှုန်းဆောင်ရခြင်းဖြစ်သည်။

#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း

လက်ရှိသီတင်းပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းထားများအနေဖြင့် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၂၀၀ နီးပါးကျလာသည်။ စက်တင်ဘာ ၄ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၅၇၀၀ ကျပ်ကြားရှိပြီး ဩဂုတ်လ ၁၇ ရက်နေ့တွင် ကျပ် ၅၈၀၀ မှ ၆၂၀၀ ကြား အရောင်းအဝယ် ရှိခဲ့ခြင်းဖြစ်သည်။

” ဒေါ်လာဈေးကျလည်းခဏပဲ။ ပို့ကုန်ပစ္စည်းပို့စရာတွေလည်းမရှိဘူး။ ဒေါ်လာဝင်လာစရာလမ်းကြောင်း မရှိတော့ ဒေါ်လာရှားတာ ဈေးကြီးတာမျိုးက ကြီးလိုက်နဲ့ဈေးပြန်ကျသွားတာမျိုးခဏခဏဖြစ်နေမှာပဲ။ ဒေါ်လာဈေးတည်ငြိမ်ဖို့ကမလွယ်ဘူး။ ဈေးတန်းတစ်ခုရောက်ဖို့ ” ဟု ဒေါ်လာ‌ရောင်းဝယ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တရုတ်ယွမ်‌ဈေးနှုန်းသည် စက်တင်ဘာ ၄ ရက်နေ့တွင် တစ်ယွမ်လျှင် ၇၆၀ ကျပ်ရှိရာ ပြီးခဲ့သည့် သီတင်းနှစ်ပတ်တွင် ဩဂုတ် ၁၇ ရက်နေ့တွင် တစ်ယွမ်လျှင် ၈၁၃ ကျပ်ရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။ ထိုင်းဘတ်ဈေးနှုန်းသည် စက်တင်ဘာ ၄ ရက်နေ့တွင် တစ်ဘတ်လျှင် ၁၆၁ ကျပ်ရှိပြီး ဩဂုတ်လ ၁၇ ရက်နေ့တွင် တစ်ဘတ်လျှင် ၁၆၅ ကျပ်ရှိသဖြင့် နှစ်ပတ်အတွင်း ၅ ကျပ်ဈေး ကျခြင်းဖြစ်သည်။

#ပြည်တွင်းရွှေဈေးနှုန်း

လက်ရှိပြည်တွင်းရွှေဈေးနှုန်းသည် နိုင်ငံခြားငွေလဲနှုန်းထားနှင့်အတူ ဈေးပြန်ကျလာသည်။ ကမ္ဘာ့ရွှေ ဈေးသည် တစ်အောင်စကို ၂၄၅၀ ဒေါ်လာဖြစ်သည်။ ပြည်တွင်းရွှေဈေးသည် ‌တစ်ကျပ်သားလျှင် ကျပ် ၈၃ သိန်းနီပါးရောက်ရှိသွားပြီး ပြန်လည်ကျဆင်းလာခြင်းဖြစ်သော်လည်း ယခင်ဈေးနှုန်းကိုမူ ပြန်လည် မရောက်သေးကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ပြည်တွင်းရွှေဈေးသည် စက်တင်ဘာ ၄ ရက်နေ့တွင် ‌တစ်ကျပ်သားလျှင် ကျပ် ၇၂ သိန်းနီးပါး ရောက်ရှိနေကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရသည်။ အကယ်ဒမီရွှေအတုံး၊ အခဲများကို ပြင်ပဈေးကွက်တွင်သာဝယ်ယူနိုင်သည်။

“အခွန်တိုးတယ်။ ဘဏ်အတိုးနှုန်းတယ်ဆိုတာက လူတွေလက်ထဲက ပိုက်ဆံကိုသိမ်းတာပဲ။ အခုရွှေကိစ္စ ဆိုရင် နောက်လရွှေဝယ်ရင် အခွန် ၃ ရာခိုင်နှုန်းပေးရမယ်။ ရွှေဆိုင်တွေမှာ အတုံးမရောင်းဘူး။ အချို့ဆိုင်‌တွေမှာ ၁၆ ပဲရည်အထည်တောင်မရှိဘူး။ ၁၅ ပဲရည်ပဲရှိတယ်။ ဆိုတော့ အတုံးဈေးကွက်က အပြင်မှာရှိမှောင်ခိုဈေးကွက်ပဲဖြစ်နေမယ် ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၄ ရက်နေ့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းသတ်မှတ်ဈေးနှုန်းတွင် အကယ်ဒမီ အခေါက်ရွှေတစ်ကျပ် တစ်ကျပ်သားလျှင် ၅,၀၂၆,၇၄၂ သိန်းဖြစ်ပြီး ရွှေဆိုင်များရွှေလုပ်ငန်းရှင်များ ယင်းဈေးနှုန်းအတိုင်းရောင်းဝယ်ရန်ထုတ်ပြန် သည်။

ဩဂုတ်လ ၁၆ ရက်နေ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းသတ်မှတ်ဈေးနှုန်းသည် အကယ်ဒမီ အခေါက်ရွှေတစ်ကျပ်သား ၄,၇၈၃,၉၆၈ ကျပ် (၄၇သိန်းကျော်) ဖြစ်ပြီး ရွှေဆိုင်များရွှေလုပ်ငန်းရှင်များ ယင်းဈေးနှုန်းအတိုင်းရောင်းဝယ်ရန်ထုတ်ပြန် သည်။ ပြင်ပ‌ရွှေဈေးနှုန်းပြန်လည်ကျဆင်းလာချိန်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းသတ်မှတ်ဈေးနှုန်း ကျပ် နှစ်သိန်းကျော်မြင့်တက်လာသည်။

စစ်ကောင်စီက အခွန်တိုးကောက်ရာတွင် ရွှေစင်၊ ရွှေတုံး၊ရွှေချောင်း၊ ရွှေဒင်္ဂါးအပါအဝင် ရွှေထည် လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်အပါအဝင် ပြည်ပမှ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက်တန်ဖိုးအပေါ် ၃ ရာခိုင်နှုန်းနှင့် ကုန် သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည်ဟု သတ်မှတ် လိုက်သည်။

#ပြည်တွင်းစက်သုံးဆီဈေးနှုန်း

သီတင်းနှစ်ပတ်ကျော်ကာမြင့်လာသည့်အထိစက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်ပြီး‌နောက် ဈေးမြင့်တက် လာသည်။ သို့ရာတွင်စက်သုံးဆီလိုသလိုဝယ်ယူခွင့်မရဘဲ အကန့် အသတ်ဖြင့်သာဝယ်ယူရသည်။ ဩဂုတ်လ ၃၀ ရက်နေ့တွင် ဒီဇယ်နှင့် ‌ဓာတ်ဆီဈေးနှုန်းများ ကျပ် ၃၀၀ မှ ၅၅၀ ကျပ် ကျော်မြင့် တက်လာခြင်းဖြစ်သည်။

စက်တင်ဘာ ၄ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၃၁၀၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၃၂၄၀ ကျပ် ၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၂၉၅ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၂၆၅၅ ကျပ်ဖြင့် စစ်ကောင်စီက ဈေးနှုန်းသတ်မှတ်ထိန်းထားသည်။

ဩဂုတ် ၁၇ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၉၅၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၃၀၄၅ ကျပ် ၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၁၁၄ ကျပ် နှင့် ဒီဇယ်တစ်လီတာ ၂၅၆၀ ကျပ်ဖြင့် စစ်ကောင်စီက ဈေးနှုန်းသတ်မှတ်ထားသည်။

ပြည်တွင်သုံး အောက်တိန်း ၉၂၊ ၉၅ အပါအဝင် ပရီမီယံဒီဇယ်နှင့် ဒီဇယ် အမျိုးအစားတစ်ခုမဟုတ်တစ်ခု ပြတ်လပ်ရှားပါးနေကြောင်း ရန်ကုန်မြိုခံကိုယ်ပိုင်မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးထံက သိရသည်။

” စက်သုံးဆီက ဒီဇယ်ပြတ်နေတယ်။ ဆီဆိုင်ရှာထည့်ရတာ ကားတန်းစီးရတာပေါ့။ 92 ၊ 95 တော့ရ သေးတယ်။ အရင်လိုတော့မဟုတ်ဘူးပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ စက်သုံးဆီပြင်ပပေါက်ဈေးတွင် တစ်လီတာ ကျပ် ၅၅၀၀ မှ ၆၀၀၀ ကျပ် ကြားရှိပြီး တရားဝင်သတ်မှတ်ဈေးထက် နှစ်ဆနီးပါးရှိကြောင်းသိရသည်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

အထွေထွေကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေကာ ထိုင်းနှင့်တရုတ်နိုင်ငံမှ သွင်းကုန်အချို့ ပစ္စည်းပြတ်လပ်မှုများရှိနေသည်။ စားသုံးကုန်၊ လူသုံးကုန်၊ ကလေးပစ္စည်းအချို့အပါအဝင် အာဟာရဖြည့်အားပြည့်အစာများ ပြတ်လပ်မှုများရှိ‌ကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

ယခုရက်ပိုင်းအတွက် စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူဈေး ၇၀၀၀ ကျပ်မြင့်တက်လာပြီး ကျန်ရှိ‌နေသော ကုန်စည်ပစ္စည်းများသည်လည်း ဈေးအတက်တွင်ပင်ရှိနေသည်။

စစ်ကောင်စီအာဏာ သိမ်းမှုကြောင့် ငွေကြေး ဖောင်းပွမှုနှုန်းမြင့်လာရာတွင် ကုန်ဈေးနှုန်းများပါ လိုက်ပါမြင့်တက်မှုကြောင့် အိမ်ရှင်မများ၏ ညည်းတွားသံကို အဆက်မပြတ်ကြားနေရကာ တစ်နေ့လုပ်တစ်နေ့စား လူတန်စားများအတွက် တစ်ရက်လုပ်ခ အနိမ့်ဆုံးကျပ် ၁၂၀၀၀ ဖြင့်ပင် စားဝတ်နေရေးဖြေရှင်းရန် မလွယ်ကူတော့ပေ။

#ဆန်

အခြေခံစားသောက်ကုန်စည်ထဲမှ ဆန်ဈေးနှုန်းသည် စစ်ကောင်စီသတ်မှတ်ဈေးနှုန်းကြားတွင် ရောင်းချလျက်ရှိပြီး အရည် အသွေးမြင့်ဆန်များအတွက် ပြင်ပပေါက်ဈေးသပ်သပ်ရှိနေသည်။ ထို့ပြင်ဆန်အရော ဈေးကွက်ရှိလာသည်။

ယခုတစ်ပတ်အတွင်း ဆန်တစ်အိတ်ဈေးနှုန်းသည် ဆန်ချောဈေးငြိမ်ပြီး ဆန်ကြမ်းဈေးတက်ကြောင်း ဆန်လက်လီလက်ကားရောင်းချသူများထံက သိရသည်။ ဆန်ကြမ်းအမျိုးအစားဇီယာ တစ်အိတ် ၂၀၀၀ ကျပ် ဈေးတက်ပြီး တစ်အိတ်လျှင် ကျပ် ၈၆၀၀၀ ဖြစ်သည်။

ဆန်ချောအမျိုးအစား ရွှေဘိုအိုးဝင် တစ်အိတ် ၁၈၀,၀၀၀ ကျပ်၊ ရွှေဘိုထူးထူးရှယ် ၁၆၅,၀၀၀ ကျပ်၊ ကျားပျံ ၁၅၀,၀၀၀ ကျပ်၊ တောင်ပျံ ၁၄၂,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေး ၁၃၆,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုး ၁၁၂,၀၀၀ ကျပ်၊ ရက် ၉၀ ၁၀၀,၀၀၀ ကျပ်ရှိကြောင်း ဆန်လက်လီလက္ကားရောင်းချသူထံက သိရသည်။

#စားအုန်းဆီ

ပြည်တွင်းသုံးစွဲမှုများသော စားအုန်းဆီဈေးသည် ယခုတစ်ပတ်စစ်ကောင်စီသတ်မှတ်ချက်တွင် ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် ကျပ် ၆၀၀၀ ကျော်လာပြီဖြစ်သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်မှ စက်တင်ဘာ ၈ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆, ၄၉၀ကျပ် ဖြစ်ကြောင်း ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဩဂုတ်တွင် ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၄၈၅ ကျပ်ဖြစ်သည်။

လက်ရှိ စားအုန်းဆီပြင်ပပေါက်ဈေးမှာ တစ်ပိဿာလျှင် ၁၇,၀၀၀ ကျပ်ဖြစ်ပြီး လိုအပ်သလို ဝယ်ယူနိုင်ခြင်း မရှိပေ။

စစ်ကောင်စီသည် စားအုန်းဆီဝယ်ယူမှုပုံစံပြောင်းလဲလိုက်ရာတွင် ရန်ကုန်မြို့ရှိ ရပ်ကွက်များအတွင်း ယခင်သမဝါယမစနစ်မျိုး ဝယ်ယူခွင့်စာအုပ်လုပ်ရသည်။

တစ်အိမ်ထောင်လျှင် နှစ်ပိဿမှ သုံးပိဿာအထိ ဝယ်ယူခွင့်ရှိပြီး ရပ်ကွက်အလိုက်အပြောင်းအလဲ ရှိကြောင်းသိရသည်။

“စားအုန်းဆီဝယ်ဖို့ စာအုပ်လုပ်ရတယ်။ တစ်‌‌ယောက်ကို သုံးအုပ်ကိုင်ပြီးဆီထုတ်လို့ရတယ်။ တစ်ယောက်ထဲသုံးအုပ်ရတာမဟုတ်ဘူး။ ကိုယ်စားထုတ်ခွင့်ရှိတာ။ ဒါပေမဲ့ ကိုယ်စားထုတ်သူက ကိုယ်စားလှယ်လွှဲစာနဲ့ သူ့ဓာတ်ပုံပါမှရတယ်” ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ အမျိုးသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စားအုန်းဆီကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းထုတ်ပြန် ထားသည်။

#စားဖိုဆောင်သီးနှံ

အခြေခံစားသောက်ကုန်ပစ္စည်း စားဖိုဆောင်သီးနှံဈေးကွက်တွင် ယခုတစ်ပတ်၌ ကြက်သွန်ဖြူ ဈေးမြင့်လာကာ ကျန်သီးနှံများသည်လည်း ဈေးအမြင့်တွင်ပင်ရှိနေသည်။

ယခုတစ်ပတ်တွင် ကြက်သွန်ဖြူ ကြူကုတ်တစ်ပိဿာ ကျပ် ၁၈,၀၀၀ မှ ၂၆,၀၀၀ ကျပ်ထိ ဈေးမြင့်တက်လာသည်။ ကြက်သွန်နီဈေးတက်သည် တစ်ပိဿာ ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်ကြားရှိပြီး အားလူးတစ်ပိဿာ ကျပ် ၇၀၀၀ ဖြစ်ကြောင်း ဈေးကွက်အတွင်းက သိရသည်။

ထို့ပြင် ကုန်စိမ်းဟင်းသီးဟင်းရွက်တွင် ကန်စွန်းရွက်တစ်စီး ကျပ် ၈၀၀ မှ ၁,၀၀၀ ကြားဖြင့် ဈေးမြင့်အမှာပင်ရှိနေသည်။

ယင်းပြင် သားငါးဈေးကွက်တွင် ကြက်သား (CP) ဈေးအနည်းငယ်ကျကာ တစ်ပိဿာ ၁၂,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်ကြားရှိနေပြီး ဝက်သားဈေးတက်ကာ တစ်ပိဿာ ကျပ် ၂၅,၀၀၀၊ ငါးဖယ်ခြစ်တစ်ပိဿာ ကျပ် ၄၅,၀၀၀ နှင့် ငါးကြင်း တစ်ပိဿာ ကျပ် ၂၀,၀၀၀ ကြောင်းဈေးကွက်အတွင်းက စုံစမ်းသိရသည်။

” ဈေးကအကုန်တက်နေတာပဲ။ ဒါပေမဲ့ မြို့ထဲနဲ့ မြို့နယ်‌တွေမှာဆိုရင် မြို့ထဲကပိုဈေးသက်သာနေတယ်။ ဟင်းသီးဟင်းရွက်က အစပဲ။ သားငါးတွေလည်းဈေးချိုတယ်။ လက်ဖက်ရည်တစ်ခွက် မြို့ထဲမှာ ၁၅၀၀ (ကျပ်) ဆို မြို့နယ်ဆိုင်‌တွေမှာ ၁၈၀၀ ဖြစ်နေပြီ” ကျောက်တံတားမြို့နယ်တွင်နေထိုင်သူ အိမ်ရှင်မတစ်ဦးက ဆိုသည်။

(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့်ရန်ကုန်မြို့အတွင်းရှိ လက်လီစျေးကွက်နှင့် ညောင်ပင်လေးဈေး တို့တွင် ဩဂုတ် ၁၇ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)

#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #ဩဂုတ်၁၇မှစက်တင်ဘာ၄ရက် #Ayeyarwaddy_Times