
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်
ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ကျိုက်လတ်တိုက်နယ်၊ အောက်တံခွန်တိုင် ကျေးရွာအုပ်စုတွင် စက်တင်ဘာလ ၂ရက်နေ့ညပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ဓားခုတ်ခံရပြီးသေဆုံးသွားကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်နိုင်သည် နေအိမ်တွင်ရှိနေစဥ် တစ်ရွာထဲနေထိုင်သူ ဦးဆန်းလင်းမှ ဓားဖြင့်၀င်ရောက်ခုတ်ခြင်းဖြစ်ပြီး ၀င်ဆွဲသူ အုပ်ချုပ်ရေးမှူး၏ဇနီးဖြစ်သူ ဒေါ်မိမိုးမှာလည်း ဒဏ်ရာပြင်းထန်စွာရရှိကြောင်း ဒေသခံများက ပြောသည်။
“ခုတ်တဲ့သူက နယ်မှာအလုပ်သွားလုပ်နေတာ ရွာကိုပြန်ရောက်တာ တစ်ပတ်လောက်ပဲရှိသေးတယ်။ အုပ်ကြီးက ဘာသွားရစ်ထားလဲမသိဘူး ၊ ဘာမှခုခံချိန်တောင်မရလိုက်ဘူး။ အိမ်ပေါ်က ကုလားထိုင်ပေါ်မှာပွဲခြင်းပြီးပဲ အုပ်ကြီးမိန်းမလဲ ဆေးရုံရောက်သွားတယ်”ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်သည် ဓားခုတ်ခံရမှုကြောင့် လည်ပင်းပြတ်ရှဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး ဇနီးဖြစ်သူတွင် မေးစိ၊နားရွက်၊ လက်များတွင်ပြတ်ရှဒဏ်ရာများရရှိခဲ့ကာ ကျိုက်လတ်တိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း ရဲမှတ်တမ်းများအရသိရသည်။
ဓားဖြင့်ခုတ်သူ ဦးဆန်းလင်းကို ကျေးရွာရှိ အုပ်ချုပ်ရေးအဖွဲ့များနှင့်ပြည်သူ့စစ်များက မဖမ်းဆီးရဲသောကြောင့် ညတွင်းခြင်းပင် မိသားစုလိုက်ရှောင်တိမ်းသွားပြိီးနောက်ပိုင်းတွင် စစ်ကောင်စီနှင့်ရဲများက ကျေးရွာအုပ်စုအတွင်း ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်နေကြောင်းဒေသခံများကပြောသည်။
#ကန်ကြီးထောင့်မြို့နယ် #ကျေးရွာအုပ်ချုပ်ရေးမှူး #ဓားခုတ်ခံရ #သေဆုံး #Ayeyarwaddy_Times