
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်
မွန်ဂိုလီးယားနိုင်ငံက နိုင်ငံတကာရဲ့ အလိုရှိစာရင်းဝင် အလည်အပတ်ရောက်ရှိနေသော ရုရှား သမ္မတ ဗလာဒီမာပူတင်ကို မဖမ်းဆီးတာဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဥပဒေစနစ်အတွက် ပြင်း ထန်သော ထိုးနှက်ချက်တစ်ခုလို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ပူတင်ဟာ ရုရှားနဲ့တရုတ်ကို ဆက်သွယ်ပေးသော ဓာတ်ငွေ့ပိုက်လိုင်းသစ်တစ်ခုအရေး ဆွေးနွေး ဖို့ တနင်္လာနေ့က မွန်ဂိုလီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ ဖမ်းဝရမ်းအရ မွန်ဂိုလီးယားအပါအဝင် အဖွဲ့ဝင် ၁၂၄ နိုင်ငံဟာ မိမိပိုင်နက်အတွင်း ပူတင် ခြေချလာပါက ဖမ်းဆီးပြီး သည်ဟိဂ်မြို့တော်ရှိ ICC သို့ လွှဲပြောင်း ပေးရမှာဖြစ်ပါတယ်။
မွန်ဂိုလီးယားက ပူတင်ကို ဖမ်းဆီးဖို့ပျက်ကွက်တာဟာ ICC နဲ့ ရာဇဝတ်မှုဉပဒေစနစ်အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုလို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Heorhiy Tykhyi က ပြောပါတယ်။
“မွန်ဂိုလီးယားနိုင်ငံဟာ ရာဇဝတ်ကောင်ကို တရားမျှတမှုရှောင်ရှားခွင့်ပြုတာကြောင့် စစ်ရာဇ ဝတ်မှုတွေအတွက် တာဝန်ခံမှု မျှဝေရမှာဖြစ်ပါတယ်။ မွန်ဂိုလီးယားနိုင်ငံ အကျိုးဆက်တွေ ခံစားရ အောင် မဟာမိတ်တွေနဲ့ လုပ်ဆောင်သွားပါမယ်” လို့ သူက တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။
သူ့ရဲ့ခရီးစဉ်အတွင်း ပူတင်ကိုဖမ်းဆီးဖို့ ယူကရိန်းက ပြီးခဲ့တဲ့အပတ်အတွင်း မွန်ဂိုလီးယားနိုင်ငံ ကို တိုက်တွန်းခဲ့ပါတယ်။
ICC ရဲ့ ဖမ်းဝရမ်းနဲ့ပတ်သက်လို့ ရုရှားနိုင်ငံက စိုးရိမ်မှုမရှိကြောင်း၊ ရုရှားက မွန်ဂိုလီးယားနိုင်ငံနဲ့ ခရီးစဉ်အကြောင်း ကြိုတင်ဆွေးနွေးခဲ့ကြောင်း ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ် က ပြောပါတယ်။
ပူတင်ဟာ ယူကရိန်းမှ ရာနဲ့ချီသော ကလေးငယ်တွေကို တရားမဝင် နှင်ထုတ်ခဲ့တယ်လို့ ICC ဖမ်းဝရမ်းက စွပ်စွဲထားပြီး ရုရှားက စွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။
ကိုးကား – VOA
Ref; Ukraine criticizes Mongolia’s failure to arrest Putin
#Ayeyarwaddy_Times