
မြရာ/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်
မန္တလေးတိုင်း၊ မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို Brave Warriors For Myanmar (BWM)အဖွဲ့မှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
BWM အဖွဲ့၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့သည် ယနေ့ စက်တင်ဘာ ၃ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်ခန့်တွင် မန္တလေးရှိ စစ်ကောင်စီ၏ အလယ်ပိုင်တိုင်းစစ် ဌာနချုပ် (လပခ)အတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ခုနစ် လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း BWM က ထုတ်ပြန်ထားသည်။
BWM အဖွဲ့နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့များက “၁၀၂၇ ဒုတိယလှိုင်း ရှမ်းမန်းစစ်ဆင်ရေး” ကို ပူးပေါင်းပါဝင် ကူညီသည့်အနေဖြင့် စစ်ကောင်စီ၏ စစ်တိုင်းဌာနချုပ်ဖြစ်သော လပခကို ဖြိုလှဲရန် တိုက်ခိုက်ခဲ့ရခြင်းဖြစ်ပြီး အဆိုပါ လပခသည် တန်ပြန်ခုခံစစ်ဆင်နွှဲပြီး စစ်စခန်းများကို အဓိက ကွပ်ကဲရာတွင် အရေးပါသည့် စစ်တိုင်းဌာနချုပ်ဖြစ်ကြောင်းသိရသည်။
ယခုစစ်ဆင်ရေးသည် BWM နှင့် မဟာမိတ်အဖွဲ့များ အတွက် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်ကို ဒုတိယ မြောက်တိုက်ခိုက်သည့် စစ်ဆင်ရေးဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာကလည်း ပထမအကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ဒုချုပ်စိုးဝင်း၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီးတစ်ဦးအပါ အဝင် အရာရှိ သုံး ဦးနှင့် စစ်ကောင်စီဘက်မှ ၁၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
ရှော့တိုက်ဒုံး လပခအတွင်းကျရောက်ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သည့်အတွက် လမ်း ၈၀× ၁၁ × ၁၂ လမ်းကြား Kore (ကိုး) အကြောပြင်တိုက် အပေါ်ဆုံးထပ်သို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့ပြီး အမိုးပွင့်ထွက်သွားကြောင်း ဒေသခံများ ထံက သိရသည်။
“မန္တလေး အောင်မြေသာစံ ညောင်ကွဲရပ်ကွက် ၈၆ လမ်း ၈ လမ်းနံ ၉ လမ်းအနီးက အိမ်တွေအပေါ်ထိ အပြိုအပျက်စတွေ လာမှန်တယ်။ မနက် ၄ နာရီကျော် လောက်က လူတစ်ယောက်ထိတယ်ပြောတယ်” ဟု မန္တလေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ ဒုတိယအကြိမ်ပစ်ခတ်သည့် လက်နက် ကြီး ကျည်တလုံးမှာလည်း အမှတ် (၄) ရဲစခန်းအရှေ့ဘက်ရှိ လူနေတိုက်အိမ်ပေါ်သို့ ကျရောက်ပြီး တိုက်အပေါ်ထပ် အုတ်နံရံများ ပျက်စီး ခဲ့သည်။
လက်နက်ကြီးကျည် တတိယတလုံးမှာ ရွှေကျင်တိုး ဂိတ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လတ်တလောတွင် လူထိခိုက်မှုမရှိကြောင်း သိရသည်။
အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်(လပခ)တိုင်းမှူး သုံးဦး အထိပြောင်းလဲပြီးနောက် ဒုတယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၎င်းကိုယ်တိုင် လပခကို ဦးစီးပြီး မန္တလေးတိုင်း နှင့် ရှမ်းမြောက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ဦးဆောင်သွားမည်ဟုဆိုကာ ဆင်ဖြူရှင်စစ်ဆင်ရေးကို ဖွဲ့စည်းပုံဆောင်ထားသည်။
ထို့အပြင် မန္တလေးနန်းတွင်း လပခအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်အပြည့်အစုံ တပ်ဆင်ကာ တိုက်ပွဲဖော်ဆောင်ရန် အသင့်အနေအထားဖြင့် ထားရှိထားကြောင်း တပ်သတင်းရင်း မြစ်ထံက သိရသည်။
အဆိုပါအခြေအနေတွင် တော်လှန်ရေးတပ်ဖွဲ့များက မန္တလေးမြို့အတွင်း ဝင်ရောက်လာပြီး နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယထုတိုက်ခိုက်သည့် BWM အဖွဲ့သည် တော်လှန်ရေး မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်း၍ အေလာလေတပ် စခန်းကို နှစ်ကြိမ်၊ တောင်ငူလေတပ်စခန်းကို သုံးကြိမ်၊ တံတားဦးလေတပ်စခန်းကို တစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး ဆက်လက်၍ လည်း စစ်ရှုံးစစ်ကောင်စီ ပြိုလဲသည်အထိ အရှိန်အဟုန်မြင့် တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း အသိပေးပြောကြားထားသည်။
ပုံစာ- စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုများ
#မန္တလေး #နန်းတွင်း #အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် #ရှော့တိုက်ဒုံး #ပစ်ခတ် #BWM #ပူးပေါင်းအဖွဲ့ #Ayeyarwaddy_Times