
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်
ဖိလစ်ပိုင်အာဏာပိုင်တွေဟာ စနေနေ့က တရားမဝင် အွန်လိုင်းဂိမ်း အချက်အချာနေရာတစ်ခုကို စီးနင်းမှုတစ်ခုအတွင်း နိုင်ငံခြားသား ၁၅၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း စီဘူးကျွန်းပေါ်က အပန်းဖြေစခန်းတစ်ခုအတွင်းရှိ ယာယီအလုပ်ရုံ တစ်ခုမှာ တရားမဝင် အွန်လိုင်းဂိမ်းလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒါဇင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေကို တွေ့ ရှိခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးဗျူရိုက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အာဏာပိုင်တွေဟာ တရုတ်၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ ကျားဖြန့်လုပ် ငန်း ၃ ခုထက်မနည်း တွေ့ရှိခဲ့တယ်လို့ ရာဇဝတ်မှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဝင်စ တန်ကာစီယိုက ပြောပါတယ်။ အင်ဒိုနီးရှားသံရုံးရဲ့ မေတ္တာရပ်ခံမှုကြောင့် အဆိုပါနေရာကို စီးနင်းခဲ့တာ လို့ ၎င်းက ဆက်ပြောပါတယ်။
“ဆိုက်ဘာရာဇဝတ်မှု ပြစ်မှုမြောက်တဲ့အတွက် တရားစွဲဆိုဖို့ လုံလောက်တဲ့ အထောက်အထား တွေ တွေ့ရှိခဲ့ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ကာစီယိုက ပြောပါတယ်။
ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ ဟိုတယ်တစ်လုံးမှာ နိုင်ငံခြားသား ၁၆၂ ဉီးကို တွေ့ရှိခဲ့တယ် လို့ ဒေသန္တရသတင်းစာ Cebu Daily News က ဖော်ပြပါတယ်။
ဖမ်းဆီးမိတဲ့ နိုင်ငံခြားသားတွေထဲမှာ တရုတ်နိုင်ငံမှ ၈၃ ဉီး၊ အင်ဒိုနီးရှားမှ ၇၀ ဉီး၊ မြန်မာမှ ၆ ဉီး၊ မလေးရှားမှ ၁ ဉီးနဲ့ ထိုင်ဝမ်မှ ၂ ဉီးတို့ ပါဝင်တယ်လို့ အဆိုပါသတင်းစာက ဆိုပါတယ်။
ဖမ်းဆီးမိတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာတိုင်းပြည်များသို့ မနှင်ထုတ်မီ ယာယီ ထိန်းသိမ်း ထားမယ်လို့ လူဝင်မှုကြီးကြပ်ရေးဗျူရိုက ပြောပါတယ်။
“သမ္မတက ပိတ်ပင်ထားတဲ့ တရားမဝင် အွန်လိုင်းလောင်းကစားတွေ စတင်ဖို့ကြိုးပမ်းသူတွေအ တွက် ဒါက သတိပေးမှုတစ်ခု ဖြစ်ပါလိမ့်မယ်” လို့ လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ ကော်မရှင်နာမင်းကြီး နော်မန်တန်ဆင်ကိုက ပြောပါတယ်။
ငွေကြေးခဝါချမှု အပါအဝင် ရာဇဝတ်မှုတွေ လုပ်ကိုင်နေတဲ့ နယ်ပယ်တစ်ခုကို ပိတ်ပင်ဖို့ တောင်း ဆိုမှုတွေကြောင့် အွန်လိုင်းလောင်းကစား လုပ်ကိုင်တွေကို ပိတ်ပင်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်က ဇူလိုင်လအတွင်း ကြေညာခဲ့ပါတယ်။
ကိုးကား – Bloomberg
Ref; Philippines arrests over 150 foreigners in online gambling raid
#Ayeyarwaddy_Times