ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်
ရခိုင်ပြည်နယ် မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင် စီ၏ လက်ကျန်တပ်စခန်းများ အာရက္ခတပ်တော် (AA) လက်ထဲမကျရောက်စေရန်အ တွက် စစ်ကောင်စီက လေကြောင်းမှနေ၍ နေ့စဥ်နီးပါး ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ စက်တင်ဘာ ၁ရက်နေ့ ညနေ ၄နာရီခန့်က တိုက်ပွဲဖြစ်ပွားရာ မောင်တောမြို့တွင်းကိုဂျက်ဖိုက်တာများဖြင့် လှည့်ပတ်ဗုံးကြဲခဲ့ကြောင်း သိရသည်။
“မောင်တောမြို့ထဲမှာ စစ်တပ်က ကင်းစခန်း၊ ဘန် ကာတွေဆောက်ပြီး ခုခံနေသလို လူနေအိမ်တွေထဲမှာလည်း တပ်စွဲတိုက်နေတာရှိတယ်။ လေယာဥ်ကနေ့တိုင်းဝဲတယ်။ AA ကတော့ ကယ်ထုတ်နိုင်သလောက် လူတွေကို ကယ်ထုတ်ထားပြီးပြီ။ မပြောင်းချင်လို့ ကျန်နေသူတွေနဲ့ ရှောင်စရာကိုနေရာမရှိသူတွေလောက်တော့ မြို့ထဲကျန်သေးတယ်” ဟု မောင်တောမှစစ်ရှောင်လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေသည့် လူကယ်ပြန်ရုံးနှင့် ဘင်္ဂလားဘုန်းကြီးကျောင်းအနီးတို့ကို ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါ နေရာနှစ်ခုတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် AA တို့တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် သြဂုတ် ၃၀ရက်နေ့ကလည်း မောင်တော နခခ-၅ အနီးမြို့အဝင်တံတားနှင့် မြို့မကညင်တန်းအနီးကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချခဲ့သလို သြဂုတ် ၂၉ရက်နေ့ကလည်း နေ့လယ် ၂နာရီမှ ညနေ ၄နာရီအထိ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးအလုံးရေ ၂၀ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။
AA အနေဖြင့် မောင်တောမြို့ကို သိမ်းပိုက်နိုင်ရန် စစ်ကောင်စီစခန်းကြီးကြီးမားမားဟူ၍ နခခ-၅ မြို့သူကြီး နယ်ခြားစောင့်စခန်းတစ်ခုသာကျန်ရှိတော့ကြောင်း သိရသည်။
ကစဥ့်ကလျား ပြန့်ကျဲကာ ထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့အတွင်းတွင် ခံစစ်အထပ်ထပ်ပြင်တိုက်ခိုက်နေပြီး AA ကလည်း စစ်ကောင်စီပူးပေါင်းတပ်စခန်းများကို တစ်ခုပြီး တစ်ခု သိမ်းယူထားသည်။
AA သည် အစုလိုက်ထွက်ပြေးနေကြသော စစ်ကောင်စီပူးပေါင်းတပ်များကို လိုက်လံရှင်းလင်းနေရသည့်အတွက် မောင်တော မြို့တွင်းအနှံ့တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း သြဂုတ် ၂၉ရက်က ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီက မောင်တော နခခ- ၅ အတွင်းမှနေ၍ လက်နက်ကြီးများ ဓာတုအဆိပ်ငွေ့ပါသည့် ဗုံးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း AAက ပြောသည်။
လက်ရှိတွင် မောင်တောမြို့သိမ်းနိုင်ရေးအတွက် AA က အပြင်းအထန်တိုက်နေပြီး စစ်ကောင်စီကလည်း မူဆလင် လက်နက်ကိုင် ARSA၊ ARA၊ RSOတပ်များဖြင့် ပူးပေါင်းကာ ခုခံတိုက်ခိုက်လျက်ရှိသည်။
#မောင်တော #စစ်ကောင်စီ #လေကြောင်း #ပစ်ခတ် #ခုခံ #Ayeyarwaddy_Times