ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်

စစ်ကောင်စီက အာဏာသိမ်းခဲ့သည့် သုံးနှစ်ကျော် ၂၀၂၃ ဩဂုတ် ၃၁ ရက်နေ့အထိ နွေဦးတော်လှန်ရေး ကာလအတွင်း အမျိုးသမီး ၅၆၄၉ ဦးကို ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသည့် အမျိုးသမီး ၁၁၃၂ ဦးအထိရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အာဏာသိမ်းစစ်ကောင်စီက နည်းလမ်းမျိုးစုံ၊ ပုဒ်မမျိုးစုံဖြင့် မတရားဖမ်းဆီးခဲ့သည့် အမျိုးသမီးများကို အကျဉ်းထောင်တွင်းသို့ ရောက်ရှိချိန်တွင်လည်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပြင် အကျဉ်းထောင်ဥပဒေချိုးဖောက်၍ အကြမ်းဖက်ခံရခြင်း များကို ရင်ဆိုင်နေရကြောင်းသိရသည်။

ထို့ပြင် နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသည့် အမျိုးသမီးများအနက် ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခြင်းခံရသည့် အမျိုးသမီးအရေအတွက်မှာ ၁၀ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။

“ဖမ်းခံလိုက်ရပြီဆိုတည်းက စစ်ကောင်စီကပြစ်မှု မြောက်တယ်၊ မမြောက်တယ်ဆိုတာ သူတို့မသိဘူး။ သူတို့အ နေနဲ့လက်ထိပ်ခတ်တယ်။ ဖမ်းဆီးချုပ် နှောင်တယ်။ ရိုက်နှက် ခေါ်ဆောင်တယ်။ အဲ့ဒီအချိန် တည်းက လူ့အခွင့်အရေးကိုချိုးဖောက်ခံ နေရပြီ။ အမျိုးသမီးအခွင့်အရေးအနေနဲ့ မျက်နှာကို ရိုက်တာ။ ဗိုက်ကို ကန်တာ ဖမ်းဆီးကတည်းက အဲ့လိုအခက်အခဲ တွေရင်ဆိုင်ရတယ်” ဟု နိုင်ငံရေး အကျဉ်းသူ ဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အမျိုးသမီးများအနေဖြင့် ဖမ်းဆီးခံရပြီးနောက် ရဲစခန်း၊ အချုပ်ထောင်၊ အကျဉ်းထောင် သို့ ရောက်ရှိချိန်တွင်လည်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများက အစာဖြတ်ခြင်း၊ မသန့်ရှင်းသည့် သောက်သုံး ရေများသာတိုက်ခြင်း၊ တိုက်ပိတ်ခြင်း မိသားစုမှ ထောင်ဝင်စာ ပို့သည့်ပစ္စည်းများကိုလည်း ကြားတွင်ဖြတ်ယူခြင်းများကိုလည်း ခံနေရကြောင်း သိရသည်။

ယခု ၂၀၂၄ ခုနှစ် အတွင်း စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသူ ကို ဖိနှိပ်မှုများ ပိုမိုပြုလုပ်လာပြီး အမျိုးသားအကျဉ်းထောင်ဝန်ထမ်းများမှ အမျိုးသမီးအဆောင်များအထိ ဝင်ရောက်ကာ ရိုက်နှက်ခြင်း၊ တိုက်ပိတ်ခြင်း၊ ဒဏ်ရာရရှိသူများကို ကျန်းမာ ရေးစောင့်ရှောက်မှုလုံလောက်စွာ မ ပေးခြင်းများကို ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။

“တချို့ အမျိုးသမီးတွေ၊။အမျိုးသမီးငယ်တွေဆိုလို့ရှိရင် တိုက်ပိတ်ခံရတာ ရိုက်နှက်ခံရတာတွေကြောင့် ဒဏ်ရာတွေရတယ် ထောင်တွင်းဆေးဝါးစောက်ရှောက်မှု လုံလောက်စွာမရတဲ့ အတွက် လူမသိသူမသိ စစ်ကြောရေးမှာ ကျဆုံးတာ၊ ထောင်တွင်းထဲမှာ ကျဆုံးခဲ့တာ၊ ရဲစခန်းမှာ အကျဉ်းထောင်ထဲမှာ ကျဆုံးခဲ့တဲ့ အမျိုးသမီးငယ်တွေရှိတယ်။ ထောင်ထဲမှာလည်း ဆေးဝါးစောင့်ရှောက်မှုက လုံလောက် စွာမရတဲ့အတွက် ရောဂါအခြေအနေ ပိုဆိုးလာတာကိုလည်း ကိုခံစားရတယ်” ဟု အဆိုပါ နိုင်ငံ ရေးအကျဉ်းသူဟောင်းလည်းဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) တာဝန်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အကျဥ်းဦးစီးဝန်ထမ်းများ၏ မတရား ရိုက်နှက်ခံရမှု‌ ကြောင့် နိုင်ငံရေးအကျဉ်းသူအမျိုးသမီးများမှ ဒဏ်ရာများ ရရှိလာပါကလည်း တမင်‌‌တကာရည်ရွယ်၍ ဆေးကုပေးခြင်းမရှိသည့်အတွက် PPNM အနေဖြင့် ထောင်တွင်း ဆေးဝါးကုသမှုလုံလောက်စွာရရှိရေး ကမ်ပိန်းများကို အစဉ်တစိုက်ပြူလုပ်၍ တောင်းဆိုမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ယခုကဲ့သို့ဖြစ်စဉ်များမှာ စစ်ကောင်စီ၏ မတရား ဖမ်းဆီးခြင်းကို ခံရသည့် အမျိုးသမီးများအားလုံးနီးပါး ခံစားနေရသည့် ဖြစ်ရပ်များဖြစ်ကြောင်းလည်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို အကူအညီ ပေးနေသည့် အဖွဲ့အစည်းများထံက သိရသည်။

#နွေဦးတော်လှန်ရေး #စစ်တပ်ဖမ်းဆီးခြင်း #အမျိုးသမီး၅၆၀၀ကျော် #ထောင်တွင်းလူ့အခွင့်ရေးချိုးဖောက်မှုများ #ပိုမိုပြုလုပ် #အမျိုးသမီးကဏ္ဍသတင်း #Ayeyarwaddy_Times

(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)