
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်
စစ်အာဏာရှင်ကို တော်လှန်ဖြိုချနေသည့် မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်ပြီး အိမ်နီးချင်း တရုတ်နိုင်ငံ၏ ရပ်တည်မှုသည် စစ်ကောင်စီကို အသက်ရှူချောင်စေရန်ရည်ရွယ်လုပ်ဆောင်နေမှုနှင့် ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများက ကန့်ကွက်တုန့်ပြန်ပြောကြားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများ ချက်ချင်းရပ်ရန်နှင့် မရပ်တန့်ပါက ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင် နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဟု TNLA သို့ တရုတ်ဘက်မှ ပေးပို့လာသည့်စာနှင့်ပတ်သက်ပြီး NUCC က ၎င်းတို့၏ မဟာမိတ် တော်လှန်ရေး အင်အားစုတခု ဖြစ်သည့်အပြင် အချုပ်အခြာအာဏာပိုင် လူမျိုးတမျိုးဖြစ်သည့် တအာင်း အမျိုးသားတို့၏ တပ်မတော်အပေါ်နှင့် မိမိတို့ပြည်သူများ၏ တော်လှန်ရေးအပေါ် ယခုကဲ့သို့ ရိုင်းပျစွာ ခြိမ်းခြောက်စော်ကားမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း တုံ့ပြန်ခဲ့သည်။
မြန်မာနိုင်ငံရှိ လူမျိုးစုံ ပြည်သူများသည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတို့အပြင် အိမ်နီးချင်း နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို အထူးတန်ဖိုးထား လိုလားသူများဖြစ်ပြီး စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများ မတရားဖိနှိပ်မှုများကြောင့် မလွှဲမရှောင်သာဘဲ တော်လှန်ရေး ဆင်နွှဲနေရခြင်းဖြစ်ကြောင်း NUCC က ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း မြန်မာပြည် နိုင်ငံရေး ပြဿနာ၏ အရင်းခံသည် စစ်ကောင်စီသာဖြစ်ပြီး စနစ်အပြောင်းအလဲ မပေါ်သရွေ့ တော်လှန်ရေးက ဆက်ရှိနေဦးမည်ဖြစ်သလို နိုင်ငံတကာအနေဖြင့် စစ်တပ်အပေါ် ဖိအားပေးရန် တိုက်တွန်းကြောင်း ဧရာဝတီ သတင်းဌာနနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောခဲ့သည်။
“နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးကို လိုလားတယ် ဆိုရင်တော့ ဖိအားပေးရမှာက တော်လှန်ရေး အင်အားစုတွေအပေါ် မဟုတ်ပါဘူး၊ စစ်တပ်အပေါ် ဖိအားပေးဖို့ပဲ ဖြစ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံရေးက ကင်းကင်းနေဖို့ နိုင်ငံတကာအနေနဲ့လည်း ဝိုင်းပြီးတော့ ဖိအားပေးဖို့ လိုအပ်မယ်ဆိုတာ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
TNLA သို့ပေးပို့လာသည့် သတိပေး ခြိမ်းခြောက်စာနှင့် ပတ်သက်၍ စာအတုဖြစ်သည်ဟုဆိုကာ ဆွေးနွေးရေးသားမှုများရှိနေသော်လည်း တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရ လွေးယေဦးက “မှန်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျမတို့ ဗဟိုကော်မတီက ဆွေးနွေးနေပါတယ်။ လောလောဆယ်တော့ ဘာမှတုံ့ပြန်ဖို့ မရှိသေးပါဘူး” ဟု ဧရာဝတီတိုင်းမ်ကို ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တရုတ်သံရုံးကလည်း AFP သတင်းထောက်၏ မေးမြန်းမှုကို ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမည်ဟု ပြောခွင့်ရ Mr. Lin Jian က ဖြေဆိုခဲ့ကြောင်း ယနေ့ ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်လာသည်။
“လက်တချောင်းစီချိုးဖို့ သူတို့ကြံတာလား ၊လက်သီးဆုပ် မဖြည်ဘူး။ ဘယ်သူကိုခြိမ်းခြောက်သည်ဖြစ်စေ ဒါ တော်လှန်ရေးအင်အားစုအားလုံးကိုခြိမ်းခြောက်တာပဲ။ ခြိမ်းခြောက်သူတွေအနေနဲ့အရှိတရားကိုနားလည်ပါ။ သူတို့အကျိုစီးပွားတွေ စစ်ကောင်စီမကာကွယ်နိုင်တော့ဘူး ။ပြည်သူတွေလက်ထဲရောက်နေပြီ။ ပိုက်လိုင်းဖြတ်သန်းတဲ့မြေပေါ်စုံရပ်ပြီး ဒါတို့ပြေဒါတို့မြေ လက်ရုံးဆန့်တန်းပြရမလား၊အသင့်ပါပဲ” ဟု တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က တုန့်ပြန်ထားသည်။
တရုတ်နိုင်ငံအနေဖြင့် ညီနောင်မဟာမိတ်များအပေါ် ဖိအားပေး၍ တော်လှန်ရေးကို ရပ်တန့်အောင်ဆောင်ရွက်မှုများ ရှိနေပြီး တရုတ်အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ဆက်ဆံသည့် ပေးပို့သောစာများတွင် တံဆိပ်တုံးများ လက်မှတ်ထိုးခြင်းများမရှိကြောင်းကိုလည်း အဆိုပါဆက်ဆံရေးအခြေအနေများကို စောင့်ကြည့်လေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။
“ကျွန်တော်တို့ပိုပြီးစည်းလုံးဖို့တော့လိုလာတယ်။ တရုတ်က စစ်တပ်ဘက်ကို လုံးလုံးရပ်တည်ပြီး တော်လှန်ရေးကို အရှိန်လျှော့အောင်လုပ်လာတယ်။ TNLA တစ်ဖွဲ့တည်းကို ဖိအားပေးတာမဟုတ်ဘူး။ အဖွဲ့အားလုံးကို ဖိအားပေးနေတာပါ။ KIA ဘက်မှာလည်း ဖိအားပေးနေတာတွေရှိတယ်။ လူဝင်ထွက်ခွင့်တွေပိတ်တာတို့၊ စက်သုံးဆီတင်သွင်းမှုပိတ်တာတို့အပြင် နောက်ဆုံး နောက်ဆုံးကျန်းမာရေးအတွက် ဆေးဝါးကအစ တင်သွင်းမှုတွေကို ကန့်သတ်နေတယ်” ဟု တိုင်းရင်သားအဖွဲ့အစည်းများကို တရုတ်က ဖိအားပေးနေမှုကို သိရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံမြောက်ပိုင်းရှိ ခုခံတော်လှန်တွန်းလှန်နေသည့် မဟာမိတ်အင်အားစုများ၏ စစ်ရေးလှုပ်ရှားမှုများအပေါ် အတင်းအဓမ္မဖိအားပေး ရပ်တန့်စေသည့်ကြိုးပမ်းမှုအားလုံး’ကို ကန့်ကွက်ကြောင်းနှင့် အကြမ်းဖက်စစ်တပ်အားထောက်ခံသော အပြုအမှု ဆောင်ရွက်မှုများကို လုံးဝမပြုလုပ်ရန် အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)က ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့တရုတ်၏ ဖိအားပေးမှုများနှင့်ပတ်သက်ပြီး နွေဦးတော်လှန်ရေးအစကတည်းက ပါဝင်ခဲ့သည့် ဒေါက်တာတေဇာဆန်းက “ ဖက်ဆစ်တပ်နဲ့ ပေါင်းပြီးမြန်မာပြည်သူတွေကို သတ်နေတာချက်ခြင်းရပ်ရန်၊ ဖက်ဆစ် အကြမ်းဖက်အုပ်စု အသက်ဆက်ရေး လုပ်ရပ်မှန်သမျှ အလိုမရှိကြောင်းနှင့် တရုတ်-မြန်မာအနာဂတ်အတွက် ဖိနှိပ်ခံပြည်သူများနှင့် အတူရန်ပါ” ဟူ၍ လူမှုကွန်ရက်မှတစ်ဆင့် တုန့်ပြန်ပြောဆိုထားသည်။
#တရုတ် #မြန်မာ့အရေး# ဖိအားပေးမှုများ #တော်လှန်ရေးအင်အားစုများ #ကန့်ကွက် #ဦးရည်မွန် #ဦးမင်းကိုနိုင် #ဒေါက်တာတေဇာဆန်း #Ayeyarwaddy_Times