ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ရက်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် စစ်ဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီက စစ်ပြင်ဆင်ကာ အင်အားတိုးချဲ့နေပြီး လုံခြုံရေးကင်းများ အသင့်ပြင်ထားကြောင်း သိရသည်။

စစ်ကောင်စီက ယခု စက်တင်ဘာလအစတွင်ပင် မာန်အောင်မြို့ ခအုံးမော်ကျေးရွာနှင့် ပင်လယ်ကမ်းစပ်အနီးရှိကျေးရွာများကို စစ်အင်အား ရာချီသုံး၍ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

“အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ အချို့နေရာတွေမရတော့ဘူး။ စက်သုံးဆီပြတ်လပ်လို့ မီးစက်နဲ့လည်ပတ်​နေတဲ့ဆက်သွယ်ရေးတာဝါတိုင်အချို့ မလည်ပတ်နိုင်တာလို့တော့ပြောတယ်။ စစ်ကြောင်းထိုးတာက ခအုံးမော်ရွာဘက်တွေစစ်ကြောင်းထိုးတယ်။ မြို့ပေါ်တော့ လုံခြုံရေးကရှိပါတယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
မာန်အောင်တွင် စစ်ဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင် တတိယပတ်မှစတင်ကာ မာန်အောင်ရှိ မျှော်တော်ဦးရေတပ်ကို စစ်အင်အားဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

ခအုံးမော်ကျေးရွာနှင့် ပင်လယ်ပြင်တွင်လည်း စစ်သင်္ဘောများတိုးချဲ့၍ စစ်ကူရန်အသင့်ပြင်ထားပြီး ခအုံးမော်၊ ကံတိုင်းကျေးရွာအနီးရှိ လယ်ကွင်းနှင့် ကမ်းစပ်များအပြင် ဂုံးကောက်ကမ်းခြေအနီးတွင်လည်း မြေမြှုပ်မိုင်းထောင်ပြီး မိုင်းသတိပေးစာကပ်ထားကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှစပြီး စစ်ကောင်စီအင်အားရာချီဖြင့် ခအုံးမော်၊ သစ်ပုံ၊ ငှက်ပျောတော၊ အနောက်ပါး စသည့် ကျေးရွာများအပြင် ရွာပေါင်း ၁၅ ရွာခန့်ကို စစ်ကြောင်းထိုးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက မာန်အောင်လေယာဉ်ကွင်းကို အဓိကထား စစ်အင်အားတိုးချဲ့နေပြီး မြို့တော်ခန်းမနှင့် မြို့အဝင်အထွက်ဂိတ်များတွင်လည်း လုံခြုံရေးထူထပ်စွာ ချထားကြောင်း သိရသည်။

တောင်ကုတ်- မာန်အောင်ရေလက်ကြားရှိ စစ်ကောင်စီနေဗီများမှနေ၍လည်း ဖြတ်သန်းသွားလာသည့် ကုန်တင်သင်္ဘောများကိုဖမ်းဆီးနေသည့်အတွက် မြို့ခံများ ရိက္ခာအချို့ပြတ်လပ်ကာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံနေရကြောင်း သိရသည်။

#မာန်အောင် #စစ်ကောင်စီ #စစ်ပြင်ဆင် #လုံခြုံရေးတိုးမြှင့် #Ayeyarwaddy_Times