ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်

ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ အမြောက်တပ်စခန်းများကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သည့် တော်လှန်ရေးတပ်များက ပူးပေါင်းထိုးစစ်ဆင် လျက်ရှိရာ စစ်ကောင်စီသည် ပြင်ဦးလွင်မြို့မှနေ၍ လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက် လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

TNLA သည် ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်နေ့တွင် တောင်ခမ်းရှိ အမြောက်တပ် နှစ်ခုကို သိမ်းပိုက် ပြီးနောက် စစ်ကောင်စီက ပြင်ဦးလွင်မှနေ၍ လက်နက်ကြီးများဖြင့် နေ့ရောညပါ ဆက်တိုက်ပစ်ကူပေး နေခြင်းဖြစ်ကြောင်း သိရသည်။

“ပြင်ဦးလွင် မဟာအံ့ထူးကံသာဘုရားအနီးက ကော်ဖီခြံထဲကနေ ၁၅၅-မမတွေနဲ့ ပစ်ကူပေးနေတာ။ မနေ့ည ၇ နာရီက နောင်ချိုတောင်ခမ်းဘက်ကို လက်နက်ကြီး ၃၀ နီးပါးပစ်တာ။ အိမ်ကမှန်တွေတောင် လန့်ကွဲကုန်တယ်။ ၂၅ ရက်နေ့ထဲက ဆက်တိုက်ပစ်နေတာ”ဟု ပြင်ဦးလွင်ဒေသခံတဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

တောင်ခမ်းရှိ စစ်ကောင်စီ၏ လက်နက်ကြီးဗျူဟာကုန်းတစ်ခုသည် ပြင်ဦးလွင်မြို့ကို အထူးခြိမ်း ခြောက်နိုင်သည့် အနေ အထားရှိနေသည့်အတွက် အဆိုပါလက်နက်ကြီးတပ်ဆင်ထားသည့် ဗျူဟာကုန်း‌ သည် တော်လှန်ရေးတပ်ဖွဲ့များထံ ကျရောက်ပါက ပြင်ဦးလွင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့များ အလွယ်တကူ သိမ်းပိုက်နိုင်သည့် အခြေအနေသို့ကျရောက်နိုင်ကြောင်း တပ်အရာရှိ CDM ဗိုလ်ကြီး တစ်ဦးက သုံးသပ်ပြောသည်။

ထို့ကြောင့် တောင်ခမ်းအမြောက်စခန်းများကို TNLA တပ်များ တိုက်ခိုက်နေချိန် ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့မှစ၍ ပြင်ဦးလွင်မြို့မှနေ၍ လက်နက်ကြီးများ ဖြင့် တောင်ခမ်းကျေးရွာရှိ မကျည်းရေနှင့် ရေဖြူကျေးရွာများရှိ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ပါ ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

TNLA တပ်များသည် တောင်ခမ်း‌ကျေးရွာရှိ အမြောက်တပ်ရင်း အမတ-၂၀၆ နှင့် အမတ-၄၀၆ တို့ကို သိမ်းပိုက်ထားပြီး အမတ ၃၅၄ နှင့် အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် မစခ ၉၀၂ တို့ကို ဆက်လက်တိုက်ခိုက်နေကြောင်း ဩဂုတ် ၃၀ ‌ရက်နေ့တွင် TNLA က ထုတ်ပြန်ထားသည်။

သိမ်းပိုက်ခံလိုက်ရသည့် အမတ ၂၀၆ မှ စစ်ကောင်စီ တပ်ဖွဲ့များသည် ပြန်လည်စုဖွဲ့မှုလုပ်ဆောင်ကာ ကျန်ရှိနေသည့် အမြောက်တပ်များသို့ သွားရောက်ပူးပေါင်း၍ ခုခံစစ်ပြင်နေကြောင်း သိရသည်။

မစခ ၉၀၂ ၏ မစခမှူးဖြစ်သူ ဗိုလ်မှူးကြီးနိုင်ဝင်း (တေဇ-၂၀)နှင့် တပ်နယ်တပ်ရေးဗိုလ်ကြီး အောင်ကိုလတ် တို့သည် တောင်ခမ်းအမြောက်တပ် နှစ်ခုတွင်ဦးစီးနေပြီး ရှမ်းတောင် ရပ်စောက်ဘက်မှ စစ်ကူပို့ရန် နှင့် ဒရုန်းတပ်ဖွဲ့များပါ ပို့ဆောင်ပေးရန် အထက်သို့ အဆက်မပြတ်‌တင်ပြနေကြောင်း တပ်သတင်းရင်း မြစ်ထံက သိရသည်။

အဆိုပါ တောင်ခမ်းဗျူဟာနှင့် အမြောက်တပ်များ ကျပါက စစ်ကောင်စီ၏ ပြင်ဦးလွင်၊ သာစည်၊ ကျောက်ဆည်နယ်များအထိ စစ်ရေးရောက်ရှိလာပြီး တော်လှန် ရေးတပ်များက အသာစီးရသွားမည်ကို စစ်ကောင်စီက အထူးစိုးရိမ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် တောင်ခမ်းသို့ ပြင်ဦးလွင်မှ လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းမှ ဂျက်ဖိုက်တာ၊ Y-12 တို့ဖြင့် နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-TNLA

#ရှမ်းမြောက် #နောင်ချို #တောင်ခမ်းဗျူဟာ #ပြင်ဦးလွင် #လက်နက်ကြီး #ဆက်တိုက်ပစ်ကူ #Ayeyarwaddy_Times