
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှ ဆန်တက်လာသည့် စစ်သင်္ဘော ငါးစင်းသည် ဖြတ်သန်းသွားရာ မြစ်ကမ်းတစ်လျှောက်ကျေးရွာများနှင့် မြစ်အတွင်းရှိ လှေ၊ သင်္ဘောများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ကသာဆိပ်ကမ်းတွင် ကမ်းကပ်လျက်ရှိ ကြောင်း သိရသည်။
ထီးချိုင့်မှဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘော ငါးစင်းသည် ယနေ့ စက်တင်ဘာ ၂ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်ခန့်တွင် ကသာနယ် သဖန်းကိုင်းဆိပ်ကမ်းသို့ ကမ်းကပ်ပြီး လက်နက် ပစ္စည်းရိက္ခာများကို ကားများပေါ်သို့ တင်ဆောင်နေကြောင်း နယ်မြေသတင်းရင်းမြစ်ထံက သိရသည်။
စစ်သင်္ဘောပေါ်မှနေ၍ မြစ်အရှေ့ဘက်ခြမ်း ကမ်းများပေါ်သို့လည်း လက်နက်ကြီးများဖြင့် စစ်ကောင် စီက ရမ်းသန်းပစ်ခတ်ပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်ကလည်း စစ်သင်္ဘော ငါးစင်းကို ဝန်းရံပေးရန်အတွက် မိတ္ထီလာမှတက်လာသည့် ဂျက်ဖိုက်တာတစ်စီးသည် ထီးချိုင့်မြို့ မောင်းကုန်းရွာရှိ ပိပိရိရိထမင်းဆိုင်နှင့် ဇာခြည်ဦးဆိုင်ရှေ့သို့ ဗုံးနှစ်လုံးကြဲချခဲ့ရာ အဆိုပါဗုံးများမှ ဆီပေပါများ တင်ဆောင်ထားသည့် ကားတစ်စီးပေါ်ကျရောက်ပေါက်ကွဲသည့်အတွက် ပြည်သူ ၆ ဦးခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။
“ဈေးနားကို ပစ်သွားတာ။ နေ့လယ်ဘက်ကြီးဆိုတော့ လူလည်းစည်နေတဲ့အချိန် ဆီပေပါတွေ ပါပေါက်ကွဲပြီး လူတွေတော်တော်သေတယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာလည်းမဟုတ်ဘူး။ ဈေးနား ကိုသက် သက်ကြဲချသွားတာ။ လက်နက်တင်တဲ့ စစ်သင်္ဘောတွေကို လိုက်ဝဲပေးနေတာ” ဟု ထီးချိုင့် ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီ၏ စစ်သင်္ဘော ငါးစင်းမှ ဆန်တက်လာသည့် ကျေးရွာများတစ်လျှောက် လက်နက်ကြီး များဖြင့် တောက်လျှောက် ပစ်ခတ်ခဲ့သည့်အတွက် ကမ်းနီရွာနေအိမ်တချို့ မီးလောင်ပြီး ကမ်းဘက် နားကပ်ထားသည့် စက်လှေအချို့ မီးလောင်ပျက်စီးကာ လူနှင့်တိရိစ္ဆာန်များလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ကသာဆိပ်ကမ်းတွင် ကမ်းကပ်၍ စစ်လက်နက်နှင့် ရိက္ခာများ ကားပေါ်တင်ဆောင်နေခြင်းအားဖြင့် စစ် ကောင်စီက လတ်တလောတိုက်ပွဲဖြစ်ပွားနေသည့် ထီးချိုင့်၊ ကသာ၊ နဘား၊ အင်းတော်၊ ပင်လည်ဘူး ဒေသ များသို့ လက်နက်ပစ္စည်းထောက်ပံ့ရန် စစ်သင်္ဘောများ အသုံးပြုလာကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ထီးချိုင့်မြို့ကို ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်နေ့ကစတင် တိုက်ခိုက်ခဲ့ပြီး ထီးချိုင့် တစ်ဖက်ကမ်းတွင် ခံတပ်နှင့်ဘန်ကာအခိုင်အမာ တည်ဆောက်ထားသည့် စစ်ကောင်စီ၏ မြတောင်တပ်စခန်းကို ဩဂုတ် ၂၂ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ကောင်စီက လတ်တလောတွင် ထီးချိုင့်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-Tigyaing Revolution -TR
#စစ်ကိုင်း #ထီးချိုင့် #စစ်ကောင်စီ #စစ်သင်္ဘော #၅စင်းကသာ #လက်နက်ပို့ဆောင် #Ayeyarwaddy_Times