ဧရာဝတီတိုင်းမ်
(ကန်ပက်လက်) သြဂုတ်လ ၁၃ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် ၎င်းတို့ လက်အောက်ခံ ပျူစောထီးအဖွဲ့များကို ချင်းပြည်သူ့ကာကွယ်ရေးတပ် (ကန်ပက်လက် CDF) မှ သြဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ကန်ပက်လက် CDF မှ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်များနှင့် ပျူစောထီးအဖွဲ့များတည်ရှိရာစခန်းများသို့ သြဂုတ်လ ၁၂ ရက် နံနက် ၆ နာရီက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁ ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲဒီ ကျင်ဒွေးမြို့မှာ ပျူစောထီးတွေ အရမ်းများတယ်။ စစ်ကောင်စီတပ်လည်း ရှိတယ်။ အဲဒါကြောင့် ကျနော်တို့ သွားတိုက်တာ။ စကစဘက်က စစ်သား ၁ ယောက်သေတယ်။ အများအပြား ဒဏ်ရာရတယ်”ဟု CDF ကန်ပက်လက်မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကန်ပက်လက် CDF မှ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို တိုက်ခိုက်ပြီးနောက် ကျည်ဆံ ကုန်သွားချိန်တွင် ထိခိုက်ကျဆုံးမှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အဖွဲ့၏တာဝန်ရှိသူက ဆက်ပြောသည်။

ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးဒေသမှာ ယခင်က ကျေးရွာအဆင့်ဖြစ်သော်လည်း ယခင် NLD အရပ်သားအစိုးရလက်ထက်တွင် ကျင်ဒွေးမြို့အဖြစ် အဆင့်မြှင့်တင် သတ်မှတ်ပေးခဲ့သည့်ဒေသဖြစ်သည်။