ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာသား ၁၄၄ယောက်ကို စစ်ကောင်စီက စစ်တွေ ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၃၀ရက်နေ့တွင် စစ်ကောင်စီက ဗျိုင်းဖြူရွာအတွင်းမှ အကြမ်းဖက်ဖမ်းဆီးသွားသည့် ဒေသခံ ၂၀၀ကျော်အနက် ၁၄၄ဦးကို ထောင် သုံးနှစ်စီချမှတ်လိုက်ကြောင်း သိရသည်။

“သူတို့ခမျာ ဘာလို့အဖမ်းခံရမှန်းလဲ မသိဘူး။ အဖမ်းခံရပြီး စစ်ကြောရေးပို့ ရိုက်နှက်နှိပ်စက်ခံရတာ လူရုပ်တောင်မပေါ်ဘူး။ အခုလည်း ထောင်တွင်းတရားရုံးက အမိန့်ချလိုက်တာ။ ကူမယ့်သူလည်းမရှိဘူး” ဟု ဗျိုင်းဖြူရွာနှင့် နီးစပ်သည့် စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရသူများကို စစ်ကောင်စီက ပုဒ်မ ၁၇(၁)၊ မတရားအသင်းဆက်သွယ်မှုနှင့် အာရက္ခတပ်တော် (AA) ကို ထောက်ပံ့ သည်ဟုဆိုကာ ထောင်တွင်းပို့၍ ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ပြီးခဲ့သည့် မေ ၂၉ရက်နေ့တွင် ဗျိုင်းဖြူရွာအတွင်း အကြမ်းဖက် ဝင်ရောက်လာပြီးနောက် ရွာသား ၇၆ ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။

အသက်မပြည့်သေးသည့်အမျိုးသမီးနှစ်ဦးအပါအဝင် စိတ်ကျန်းမာရေးမကောင်းသည့်အမျိုးသမီး တစ်ဦးနှင့် အမျိုးသမီးငယ်အချို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အုပ်စုဖွဲ့ အဓမ္မကျူးလွန်ခဲ့ကြောင်း သိရသည်။

ဇွန် ၄ ရက်နေ့တွင် အသက်မသေဘဲကျန်ရစ်သည့် ဗျိုင်းဖြူရွာသား ၂၀၀ကျော်ကို ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် စစ်ကြောရေးသို့ပို့ဆောင်ခဲ့သည့်အတွက် အချို့မှာ စစ်ကြောရေးတွင် နှိပ်စက် ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင်း ဆေးရုံတွင် ဆေးကုသမှုခံယူရင်း သေဆုံးရသည့်ဖြစ်စဉ် များလည်း ရှိခဲ့သည်။

ဖမ်းဆီးခံရသည့် ရွာသား ၁၄၄ယောက်ကို ထောင်သုံးနှစ်စီချမှတ်ပြီးနောက် ဆက်လက် ဖမ်းဆီး ခံထားရသူများမှာ မည်သည် နေရာတွင်ရှိနေကြောင်းကိုပင် မိသားစုများက စုံစမ်း၍ မရသေးကြောင်း သိရသည်။

ကျေးရွာအတွင်းသို့ အကြမ်းဖက်ဝင်ရောက်ကာ နှိပ်စက်သတ်ဖြတ်ခံရသည့်အပြင် ယခုကဲ့သို့ စွပ်စွဲ ချက်များဖြင့် ဖမ်းဆီးထောင်ချခံရသည့်အတွက် ဗျိုင်းဖြူရွာသားများမှာ အကူအညီမရဘဲ စစ်ကောင်စီ၏ မတရား နှိပ်စက်မှုဒဏ်ကို ခံစားနေရသည်။

ပုံစာ- စစ်တွေဝင်္ကပါကွင်းသို့ ရှောင်ပြေးလာကြသည့် ဗျိုင်းဖြူရွာသားများ

#စစ်တွေ #ဗျိုင်းဖြူရွာ #ဒေသခံ #၁၄၄ယောက် #ထောင်ဒဏ်၃နှစ် #မတရားချမှတ်ခံရ #Ayeyarwaddy_Times