
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မဒေါင်းလှပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီက လေကြောင်းမှ နေ့စဉ်ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်တပ်က လေယာဉ်ပစ်ကူတွေနဲ့ တအားဗုံးကြဲနေတာ။ တော်လှန်ရေးအဖွဲ့တွေကလည်း ပျူစခန်းကို ကျားထိုးတက်ပြီးကို ဆော်နေတာလို့ သိရတယ်။ ဘေးရွာတွေလည်း ရှောင်ပြေးနေရတယ်။ အကုန်ဗုံးပတ်ကြဲနေလို့”ဟု ခင်ဦးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဩဂုတ် ၃၁ ရက်နေ့ နံနက် ၇ နာရီခန့်မှစတင်ပြီး ခင်ဦးနယ်မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ငါးစီးဖြင့် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်နေ့ကလည်း Y 12 လေယာဉ်ဖြင့် ခင်ဦးနယ်ရှိ ကျေးရွာများကို ဗုံးအလုံးရေ ၅၀ ကျော်ကြဲချခဲ့ကြောင်း သိရသည်။
စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားသည့် ဦးဝါသဝလက်အောက်ခံ ပျူစောထီးများ အထိုင်ချနေသည့် မဒေါင်းလှရွာ ပျူစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ရာ လေကြောင်းမှ အလွန်အကျွံတိုက်ခိုက်လာသည့် အတွက် ခေတ္တပြန်ဆုတ်ခွါခဲ့ခြင်းဖြစ်သည်။
ထို့နောက် ယမန်နေ့ ဩဂုတ် ၃၁ ရက်နေ့တွင် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ခင်ဦးနယ်အနောက်မြောက်ခြမ်းနှင့် မြောက်ဘက်ခြမ်းရှိ ကျေးရွာများရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
စစ်ကောင်စီက တော်လှန်ရေးတပ်များစစ်ကြောင်းထိုးလာသည့် ဩဂုတ် ၁၈ ရက်နှင့် ဩဂုတ် ၃၁ ရက်နေ့များတွင်သာမက ဩဂုတ် ၁၉၊ ၂၆၊ ၂၉၊ ၃၀ ရက်များတွင်လည်း MI 35၊ YAK 130 ဖိုက်တာ၊ A 5 Bomber ဖိုက်တာ၊ Y 12 ဗုံးကြဲလေယာဉ်များအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း People’s Defence Comrade တပ်ဖွဲ့ထံမှ သိရသည်။
ဗုံးကြဲတိုက်ခိုက်ခံရသည့် ခင်ဦးနယ်ရှိ မဒေါင်းကြီး၊ ရွှေကာ၊ သေနတ်စိန်၊ ဗအိုး၊ စည်ပုတ္တရာ၊ မုံလှ၊ ရှားတောစသည့် ကျေးရွာများအပြင် ကျေးရွာ ၁၅ ရွာမှ ပြည်သူ သောင်းနှင့်ချီ၍ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
#စစ်ကိုင်း #ခင်ဦး #မဒေါင်းလှ #ပျူစခန်း #တော်လှန်ရေးတပ်ဖွဲ့ #စစ်ကောင်စီ #လေကြောင်းဗုံးကြဲ#
#Ayeyarwaddy_Times