ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်

စစ်ကောင်စီက ပိုင်ဆိုင်ထားသည့် မြန်မာစီးပွားရေးဦးပိုင်ရုံးချုပ်နှင့် ဇလပ်ဝါပလာဇာကို ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်နေ့တွင် နေပြည်တော် ဥတ္တရသီရိမြို့တွင်ဖွင့်လှစ်လိုက်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင်ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်း စစ်ရေးအရှိန်မြင့်တက်လျက်ရှိကာ မန္တလေးတိုင်းအတွင်းရှိ မြို့များသိမ်းပိုက်ခံနေရပြီး နေပြည်တော်သို့စစ်ရေးအရှိန် အချိန်မရွေး ရောက်လာနိုင်ချိန်တွင် စစ်ကောင်စီက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဇလပ်ဝါပလာဇာတွင် စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးနှင့်ဆေးပစ္စည်း၊ ကျောက်မျက်ရတနာ၊ အဝတ်အထည်၊ စာရေးကိရိယာ၊ နိုင်ငံခြားအစားအစာနှင့် ရိုးရာအစားအသောက်များ၊ စက်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများအပါအဝင် ခေတ်မီကလေးကစားကွင်းများပါဝင်မည်ဖြစ်ကြောင်း သိ ရသည်။

ရန်ကုန်မြို့တွင်ဖွင့်လှစ်ခဲ့သော ဦးပိုင်လုပ်ငန်းအောက်ရှိ Ruby Market နှင့် ဂန္ဓမာ wholesale ကုန်တိုက်တို့မှာမူ ပြီး မီး‌လောင်ပျက်စီးပြီးနောက်ပိုင်း ပြန်လည်တည်ဆောက်ခြင်းမရှိပေ။

စစ်ကောင်စီပိုင်ဦးပိုင်လုပ်ငန်းများမှ စားအုန်းဆီတင်သွင်းမှု၊ ကုန်ထုတ်လုပ်မှု၊ ကန်ထရိုက်တာ၊ ကုန်တိုက်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ သတ္တုတွင်းတူးဖော်ရေးများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ကျောက်မျက်တူးဖော်ရေး၊ အိမ်ဆောက်ပစ္စည်းများ၊ ပလတ်စတစ်အသုံးအဆောင်နှင့် သီးနှံပစ္စည်းများအပါအဝင် ပြည်တွင်းရှိလုပ်ငန်းများစွာတွင် ပါဝင်လျက်ရှိသည်။

စစ်မှုထမ်းဟောင်းများဖြင့်ဖွဲ့စည်းထားသော မြန်မာစီးပွားရေးဦးပိုင်လိမီတက်ကို ၁၉၉၀ ပြည့်နှစ် ဧပြီလ ၂၇ တွင် အများပိုင်ကုမ္ပဏီအဖြစ်ဖွဲ့စည်းတည်ထောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် အများနှင့်သက်ဆိုင် သော ကုမ္ပဏီအဖြစ်ပြောင်းလဲခဲ့သည်။

ဓာတ်ပုံ – MOI

#စစ်ကောင်စီပိုင် #ဦးပိုင်ကုမ္ပဏီရုံးချုပ်ဖွင့် #ဇလပ်ဝါပလာဇာဖွင့် #နေပြည်တော် #Ayeyarwaddy_Times