
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ စက်တင်ဘာ ၁ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆား ချောင်းကျေးရွာအနီးတွင် ယမန်နေ့ ဩဂုတ် ၃၁ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ ကြောင်း အမှတ်(၂)စစ်ဒေသခွဲ၊တောင်ပိုင်းစစ်ဒေသထံက သိရသည်။
ဆားချောင်းကျေးရွာ အနီးသို့စစ်ကြောင်းထိုးလာသည့် အင်းအား ၁၆ ဦး ဝန်းကျင်ပါ စစ်ကောင်စီစစ် ကြောင်း နှင့်တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဒရုန်းတစ်စင်းကို ပစ်ချ နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုရှိကြောင်းလည်း သိရသည်။
“စစ်တပ်ဘက်က တစ်ယောက် ထိသွားတယ်။ လာတုန်းက ၁၆ ယောက် လောက်လာတာ။ ပြန်တော့ ၁၅ ယောက်နဲ့ ထမ်းစင်နဲ့တယောက်ကို ထမ်းသွားတယ် ” ဟု မင်းလှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ပြီး 6KG Payload သယ်ဆောင်နိုင်သည့် တိုက်ခိုက်ရေးအမျိုးအစား DIY Multirotor Drone တစ်စီးကိုလည်း ပစ်ချနိုင်ခဲ့ ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီက ဒရုန်းအပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ကူ ပေးခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ဆားချောင်းကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့က စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က အဆိုပါကျေးရွာကို မီးတင်ရှို့ခဲ့သည့်အတွက် ဒေသခံ ၃၀၀ ကျော်၏ နေအိမ်များဆုံးရှုံးခဲ့ရကြောင်း သိရသည်။
သာယာဝတီခရိုင်အတွင်း ပဲခူးရိုးမ တောင်ခြအနီးတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေပြီး ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အမှတ်(၂)စစ်ဒေသခွဲ၊တောင်ပိုင်းစစ်ဒေသ
#မင်းလှ #စစ်ကောင်စီစစ်ကြောင်း #တိုက်ပွဲဖြစ် #တော်လှန်ရေးတပ်ဖွဲ့ #Ayeyarwaddy_Times