ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီဘက်က ရာချီသေဆုံးပြီး မြို့ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက် ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အင်းတော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာ စခန်းအများစုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားရာ အဆိုပါစခန်းများမှ ထိခိုက်သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈၀ ကျော်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“အင်းတော်မြို့က စဖြစ်ကတည်းက ဖုန်းအဆက်အသွယ်လည်းမရတော့ဘူး။ မြို့အတွင်း ညောင်ပင်စုနဲ့ ဘူတာပိုင်းတွေမှာလည်း လူအသေအပျောက်ရှိတယ်။ ဈေးဘက်က အိမ်တွေဆိုလည်း ရစရာမရှိတော့ဘူး။ လေကြောင်းတိုက်ခိုက်မှုက နေ့တိုင်းရှိတော့ မြို့ထဲပြန်ဝင်လို့မရသေးဘူး”ဟု အင်းတော်ဒေသခံတစ်ဦး က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်နေ့မှ စတင်ကာ အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက စတင်ထိုးစစ် ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့အတွင်းရှိ စစ်ကောင်စီစခန်းအချို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။

အင်းတော်မြို့မရဲစခန်းကို ပြီးခဲ့သည့် ဩဂုတ် ၂၂ ရက်နေ့တွင်တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ခဲ့ပြီး အချုပ်သား အချို့ကိုပါ ကယ်ထုတ်နိုင်ခဲ့သည်။

ထို့အပြင် အင်းတော်နှင့် နဘားလမ်းဆုံရှိ စစ်ကောင်စီ တပ်စခန်းကို ဩဂုတ် ၂၂ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။

မြို့အတွင်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် အင်းတော်မြို့အဝင်ရှိ ဂျပန်လှိုဏ်ဂူနှင့် စစ်တပ်ဗျူဟာကုန်းတို့၌ သွားရောက်ပူးပေါင်းကာ တပ်စွဲ၍ ခုခံစစ်ပြင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက အင်းတော်ဟိုတယ်အပါ အဝင် မြို့အတွင်းရှိ အထပ်မြင့်အဆောက်အဦများ၌ သဲအိတ်တင် ဘန်ကာများပြုလုပ်ကာ လက်နက်ကြီး များတပ်ဆင်၍ အပြင်းအထန်ခုခံလျက်ရှိသည်။

စစ်ကောင်စီသည် လေကြောင်းမှနေ၍လည်း အင်းတော် တစ်မြို့လုံးနီးပါး ပျက်စီးအောင်နေ့စဉ်ဗုံးကြဲ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

#စစ်ကိုင်း #အင်းတော် #မြို့သိမ်း #တိုက်ပွဲ #စစ်ကောင်စီ #လေကြောင်းဗုံးကြဲ #မြို့ဖျက်ဆီး #Ayeyarwaddy_Times