
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို စစ်ကောင်စီက လေယာဉ်မှရိက္ခာထုပ်များ ချပေးခဲ့ရာ အဆိုပါရိက္ခာထုပ်များသည် တော်လှန်ရေးတပ်ဖွဲ့များထံ ရောက်ရှိသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက် နေ့လယ် ၂ နာရီခန့်က ရိက္ခာပြတ်ပြီး ငတ်ပြတ်နေသည့် သရက်ကွရွာ ပျူစောထီးစခန်းကို စစ်ကောင်စီက ဆန်နှင့် အခြားရိက္ခာထုပ်များကို လေကြောင်းမှတဆင့် ပို့ဆောင်ခဲ့ရာ တော် လှန်ရေးတပ်ဖွဲ့များက ရိက္ခာထုပ်များကို သိမ်းယူရရှိခဲ့ကြောင်း GOE Revolution Force ကထုတ်ပြန်ထားသည်။
စစ်ကောင်စီကသရက်ကွကျေးရွာ ပျူစောထီးခစန်းကို ရိက္ခာထုပ်ချပေးမည့် သတင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြိုတင်သိရှိခဲ့ပြီး ရွာအနီးတွင် နယ်မြေရှင်းလင်း စောင့်ဆိုင်းနေခဲ့ကြောင်း တပ်ဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီက Y 12 ထောက်ပို့လေယာဉ်ဖြင့် ရိက္ခာ ထုပ် ၅၀ ခန့်ကို လေထီးနှင့် ကိုးကြိမ်ခန့် ကြဲချပေးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက ရွာအပြင်မှ အသင့်စောင့် ဆိုင်းကာ ရိက္ခာထုပ် ၁၂ ထုပ်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သရက်ကွရွာအပြင်သို့ ကျရောက်သည့် ရိက္ခာထုပ် အချို့ကို ပျူစောထီးတပ်ဖွဲ့များက ရွာအပြင်ထွက်၍ လာရောက်ကောက်ယူစဉ် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့သည့်အတွက် အထိအခိုက်များစွာဖြင့် စခန်း အတွင်းပြန်လည် ဝင်ရောက်ထွက်ပြေးသွားကြသည် ဟု GOE Revolution Force က ပြောသည်။
ရိက္ခာထုပ်များတွင် ဆန်၊ ပဲဆံ၊ ငါးခြောက်၊ ဆေးလိပ် နှင့် အသင့်စားဆန်ပြုတ်ထုပ်များ ပါဝင်ပြီး သရက်ကွကျေးရွာ ပျူစောထီးစခန်းမှာ တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့ဖြတ်တောက်ထားခြင်းကို တနှစ်နီးပါးကြာ ခံနေရသည့်အတွက် ရိက္ခာပြတ်လပ်ကာ ငတ်ပြတ်နေကြပြီဖြစ်ကြောင်း သိရသည်။
သရက်ကွရွာကို ပိတ်ဆို့ပြီး ရိက္ခာဖြတ်တောက်မှုကို GOE Revolution Force၊ ဓားမင်းကြီးအဖွဲ့၊ ဗိုလ်လင်းမြွေအဖွဲ့၊ ဗိုလ်စတီးအဖွဲ့၊ မြိုင်ပကဖ တပ်ခွဲ ၄ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လတ်တလောတွင် ပျူစောထီးများအခြေစိုက်၍ ပျူအင်အားကောင်းသည့် မင်းကင်းမှကျေးရွာအများစုမှာ ရိက္ခာပြတ်လပ်ပြီး ငတ်ပြတ်လာကြသည့်အတွက် ပျူရွာများမှ ဒေသခံအချို့ အနီးပါးကျေးရွာများသို့ ထွက်ပြေးမှုများရှိနေကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်းတွင် ချောင်းဦး ၊ ကံကြီးကုန်းရွာပျူစခန်းနှင့် ခင်ဦးရှိ စစ်ကောင်စီလက်နက်တပ်ဆင် ပေးထားသည့် ဦးဝါသဝလက်အောက်ခံ မဒေါင်းလှပျူစခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင် ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ၍ အပြင်းအထန် ခုခံကာကွယ်ပေးလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-GOE Revolution Force
#မကွေး #မြိုင် #သရက်ကွ #ပျူစခန်း #ရိက္ခာထုပ် #စစ်ကောင်စီ #တော်လှန်ရေးတပ် #Ayeyarwaddy_Times