ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ရက်

ဧရာ၀တီတိုင်း ၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိအထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီးက ဆရာ၊ဆရာမများနှင့် ကျောင်းသားများထံမှ ငွေကောက်ယူ နေကြောင်း ကျောင်းသားမိဘများထံက သတင်းရရှိသည်။

အဆိုပါ ကျောင်းအုပ်ကြီးမှာ ပြောင်းရွှေ့ရမည်ဖြစ်၍ ထောက်ပံကြေးအဖြစ် ဆရာ၊ဆရာမ တဦးလျှင် ကျပ် ၅၀,၀၀၀ ၊ မူလတန်းကျောင်းသားတဦးလျှင် ၃,၀၀၀ ကျပ်၊ အလယ်တန်းကျောင်းသားတဦးလျှင် ၄,၀၀၀ ကျပ်နှင့် အထက်တန်းကျောင်းသားတဦးလျှင် ၅,၀၀၀ ကျပ်နှုန်းကောက်ခံနေခြင်းဖြစ်သည်ဟု ကျောင်းသားမိဘများထံမှ သိရှိရသည်။

“ထမင်းစားဖို့တောင် ခက်ခဲနေတဲ့ကာလမှာ ပိုက်ဆံကောက်နေတာကို ဆရာမတွေကလည်း ဆရာကြီးက ကျောင်းတိုးတက်အောင်လုပ်တယ် ဘာညာဆိုပြီး အားပေးနေတာတွေ့ရတယ်။ ကျောင်းတိုးတက်အောင် လုပ်တာနဲ့ ပိုက်ဆံကောက်တာနဲ့ မဆိုင်ပါဘူး။ ကုန်စျေးနှုန်းတွေ တက်ပြီး ဒုက္ခရောက်နေကြတာ မလုပ်သင့်ဘူးဗျာ”ဟု ကျောင်းသား မိဘတစ်ဦးကပြောသည်။

အဆိုပါကျောင်းတွင် တက်ရောက်နေသော ကျောင်းသားဦးရေ တစ်ထောင်ကျော်ရှိပြီး ၊ ဆရာ၊ ဆရာမ ၅၀ ဦးခန့်ရှိကာ ကျောင်းတက်ရောက်နေသူ ကျောင်းသားအများစုမှာ ငွေ ကြေး ပြေလည်ခြင်းမရှိသူ အများစုဖြစ်ပြီး အဆိုပါ ငွေကြေးတောင်းခံမှုအတွက် သက်ဆိုင်ရာဌာနများထံ မတိုင်ကြားရဲကြကြောင်း သိရသည်။

“တိုင်ရင် အမှုပတ်မှာစိုးလို့ မီဒီယာကို အကူအညီတောင်းပြီး သတင်းတင်တော့ အဲဒီကျောင်းက ပိုက်ဆံကောက်နေတဲ့ အကြောင်းရေးထားတဲ့ သတင်းတခုအောက်မှာ ဆရာမတွေ အုပ်စုဖွဲ့ပြီးတောင် ဝိုင်းမန့်နေကြတယ်။ မန့်တဲ့အထဲမှာ အဲဒီကျောင်းမှာစာသင်နေတဲ့ စစ်သားမိန်းမ ဆရာမအချို့လည်းပါတယ်။ ကောက်တာက တကယ်ကောက်တာ သတင်းထဲပါလာမှ အကုန်ပေါ်ပြီး လိုက်ဖုံးနေကြတာပါ” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ယခု ၂၀၂၄ပညာသင်နှစ်အတွက် မည်သည့်အကြောင်းနှင့်မှငွေကြေးတောင်းခံခြင်း မပြုရန် စစ်ကောင်စီမှ ညွှန်ကြားထားသော်လည်း ဧရာ၀တီတိုင်းရှိကျောင်းအချို့တွင် အကြောင်းအမျိုးမျိုးပြကာ ငွေတောင်းခံမှုများရှိနေကြောင်း သိရသည်။

#ဟိုင်းကြီးကျွန်း #အထက်တန်းကျောင်း #ကျောင်းအုပ်ကြီး #ဆရာများn#ကျောင်းသားများ #ငွေခွဲတမ်းချကောက်ယူ
#Ayeyarwaddy_Times