ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ စက်တင်ဘာ ၁ ရက်)

လူ့လောကကို မွေးဖွားပြီး‌ရောက်ရှိချိန်မှစတင်ကာ ကြီးထွားဖွံဖြိုး အိုမင်းလာရပြီး နောက်ဆုံးမှာ လူတိုင်းဟာ သေဆုံးခြင်းဖြင့် ဘဝနိဂုံးချုပ်ရပါတယ်။

ယခုလို စစ်ပွဲများဖြစ်နေချိန်မှာတော့ လူတွေရဲ့အသက်အန္တရာယ်ကို အမြဲခြိမ်းခြောက်နေတာကြောင့် သက်တမ်းတွေပိုပိုတိုလာရပါတယ်။ စစ်ကောင်စီတပ်က လက်နက်အားကိုးပြီး မြို့ရွာတွေကို အမှုန့်ချေ ဖျက်ဆီးတာကြောင့် ဒေသခံပြည်သူတွေဟာ သူတို့နေထိုင်တဲ့ နေရပ်မှာ မနေနိုင်တော့ဘဲ ရှင်သန်ဖို့အရေး စစ်ရှောင်ပြေးလွှားရပါတော့တယ်။

စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေရဲ့ ရပ်ရွာတွေကို မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ အဓမ္မပြုကျင့်သတ်ဖြတ်ခြင်းတွေ လုပ်ဆောင်လျက်ရှိပါတယ်။

အဲ့ဒီလို လုပ်ဆောင်မှုတွေကြောင့် တော်လှန်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှု ဖြစ်ပေါ်လာတဲ့အခါ ကာလကြာရှည်နစ်နာနေရသူ ဒေသခံပြည်သူတွေက နာကျည်းစိတ် ကြောင့် ဝမ်းသာပျော်ရွှင်မှုတွေ ဖြစ်ပေါ်တာကိုလည်း မြင်နေ ကြားသိနေရပါတယ်။

တော်လှန်ရေးအရှိန်ရလာတာတဲ့အမျှ တိုက်ပွဲများရှုံးလာခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဟာ ၎င်းတို့တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းများတွေကိုတောင် ကောက်ယူနိုင်ခြင်းပင်မရှိဘဲ ပြန့်ကျဲ နေအောင်စွန့်ပစ်ခြင်းခံထားရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေဟာ တိုက်ပွဲတိုင်းမှာ ပြည့်နှက်နေပြီး ကောင်းစွာသင်္ဂြိုဟ် မခံရဘဲ မြေပြင်မှာပုပ်ပွပျက်စီးနေတာကို သတင်းမီဒီယာတွေမှာ တွေ့နေရသလို အရပ်သားပြည်သူတွေကနေ တစ်ဆင့်မျှဝေထားတဲ့ လူမှုကွန်ရက် စာမျက်နှာတွေနဲ့ TikTok ဗီဒီယိုတွေကနေတစ်ဆင့်လည်း မြင်တွေ့နေရပါတယ်။

မြန်မာနိုင်ငံမှာ စစ်မက်ကြောင့် လူတွေ မြောက်များစွာ သေဆုံးခဲ့ရ သေဆုံးနေရပါတယ်။

လေယာဉ်နဲ့ဗုံးကြဲချခြင်း၊ ရွာသားတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မြို့ရွာများနဲ့ သာသနိကအဆောက်အအုံများပါမကျန် မီးရှို့ဖျက်ဆီးခြင်း၊ လူသားဒိုင်း အဖြစ်‌ဒေသခံများကို ဖမ်းဆီးအသုံးချခြင်း၊ အတင်း အကျပ်စစ်မှုထမ်းစေခြင်းတို့ကို ပြည်သူတွေရင်ဆိုင်အန်တု ရှင်သန်နေရပါတယ်။ အစုလိုက်အပြုံလိုက် ညှင်းပန်းနှိပ်စက် အကြမ်းဖက်ခံ နေရတာဟာ ၃နှစ်ခွဲ ကာလကို ရောက်ရှိလာပါပြီ။

ထို့အတူ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တိုင်ရင်းလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း (EROs) တွေရဲ့ ပြန်လည်တွန်းလှန်ခြင်းကြောင့် စစ်ကောင်စီဟာ တိုက်သမျှပွဲတွေမှာ စစ်ရှုံးလျက်ရှိနေပြီး ကျဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပြန်ကျဲနေတဲ့ အလောင်းတွေကိုတောင် ကောက်ယူနိုင်ခြင်းမရှိဘဲ စွန်ခွာ ပြေးနေကြပါတယ်။ ဒါကြောင့် နေရာအနှံ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို ပုပ်ပွလျက် တွေ့နေရပါတယ်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း တိုက်ပွဲတွေမှာ စစ်ကောင်စီ အလောင်းတွေ ပြန့်ကျဲနေပြီး ပတ်ဝန်းကျင်ကိုပါ အပုပ်နံ့တွေ လှိုင်နေကြောင်း TikTok ဗီဒီယိုတွေမှာ တင်ထားသမျှကို မြင်တွေ့နေရပါတယ်။ လူသေအလောင်းများကို မသင်္ဂြိုဟ်နိုင်တာက ကျန်းမာရေးအတွက် အန္တရာယ်ရှိနေပါတယ်။

“အပုပ်ကောင် ရုပ်ဆောင်တယ်” လို့ပြောကြသလိုပဲ လူသေအလောင်းဆိုတာ ပုပ်တဲ့ သဘောသဘာ ဝရှိပါတယ်။ ဝမ်းဗိုက်ကလီစာများ ပုပ်ပွလာပြီး ဗိုက်ပူဖောင်းပွနေသော အလောင်းများ၊ အရည်တရွဲရွဲထွက်ပြီး ရုပ်ပျက်နေသောအလောင်းများ၊ ရုပ်ဆင်းအင်္ဂါပျက်စီး မည်သူမည်ဝါခွဲခြားရ ခက်သော အလောင်းများ၊ အသားမကျန်အရိုးကျသည်အထိ ပုပ်ပြီးသွားတော့ အလောင်းများ ၊ လောက်နှင့်ပိုးမွှားများတွယ်ကပ်နေသော အလောင်းများ ၊ ခွေးနှင့်တရိစ္ဆာန်များအစားခံရပြီး အပိုင်းအစများဖြစ်နေသော အလောင်းများ စသည်ဖြင့် မြင်ရ တွေ့နေရပါသည်။

အစုလိုက်အပြုံလိုက်သေဆုံးခြင်းဆိုတာ မြန်မာတွေအတွက်တော့မစိမ်းပါဘူး။ ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် သောင်းနှင့် သိန်းနှင့်ချီသော ပြည်သူများ သေဆုံးခဲ့ရပြီး အိမ်မွေး ကျွဲနွားတွေပါ သေကြေပျက်စီးခဲ့ရပါတယ်။

အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်ခဲ့တာမရှိသလို သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ထူထောင်ဖို့ အရေးအစီအမံတွေ မရှိခဲ့တာကြောင့် အစုလိုက် အပြုံလိုက်သေဆုံးမှုများဖြစ်ခဲ့ရပြီး အလောင်းတွေကို မီးမသင်္ဂြိုဟ်နိုင်၊ မြေမမြှုပ်နိုင်တဲ့ အခြေအနေဆိုးကို ကြုံတွေ့ခဲ့ရပါတယ်။

#သေဆုံးပြီးခန္ဓာကိုယ်ကိုသင်္ဂြိုလ်ခြင်းနည်းလမ်းအထွေထွေ

အသုံးအများဆုံးနည်းလမ်းတွေကတော့ မြေမြှုပ်သင်္ဂြိုလ်ခြင်း၊ မီးသင်္ဂြိုလ်ခြင်းနဲ့ ဂူသွင်းသင်္ဂြိုလ်ခြင်း တွေပဲ ဖြစ်ကြပါတယ်။

မြေမြှုပ်သင်္ဂြိုဟ်ခြင်း (Ground Burial)

သေဆုံးသူရုပ်အလောင်းတွေကို မြေကြီးအောက်အတွင်း မြှုပ်နှံသင်္ဂြိုဟ်ခြင်းကို လူသားမျိုးနွယ်တွေ အသုံးပြုလာတာ နှစ်တစ်သိန်းကျော်ပါပြီ။ ‌ သေဆုံးပြီးသူရဲ့ခန္ဓာကိုယ်ဟာ ရုပ်ပျက်ဆင်းပျက်အဖြစ်နဲ့ ပုပ်သိုးနေတာကို လူမြင်ကွင်း မှာ မမြင်ရတော့တာကြောင့် ကောင်းမွန်တဲ့ သင်္ဂြိုဟ်နည်းလမ်းပဲ ဖြစ်ပါတယ်။

#မီးသင်္ဂြိုဟ်ခြင်း(Cremation)

ကြွင်းကျန်နေတဲ့သေဆုံးပြီးခန္ဓာကိုယ်ကို မီးရှို့ရှင်းလင်းသင်္ဂြိုဟ်ခြင်းကို လိုက်နာကျင့်သုံး ကြသူတွေများပါတယ်။ သေဆုံးပြီးခန္ဓာအလောင်းကောင်ကို အန္တရာယ်အကင်းဆုံး ပြာမှုန်တွေအဖြစ် ပြောင်းလဲသွားတာကြောင့် ကျန်းမာရေးအမြင်အရကြည့်ပါကလည်း သင့်လျော် ပါတယ်။ ကျန်ရစ်သောအရိုးပြာကို သိမ်းဆည်းထားခြင်း၊ အထိမ်းအမှတ်‌ ကျောက်တိုင် (စေတီ) တည်ခြင်း၊ ကဗျည်းတိုင်သွင်းခြင်း၊ ရေမျောခြင်း၊ တိုက်ခတ်လေနှင့်အတူ ပတ်ဖြန်းကြဲချခြင်းတွေကို ယဉ်ကျေးမှုအလိုက်ကြိုက်ရာ လုပ်နိုင်ပါတယ်။
ဘာသာရေးအများစုကလည်း မီးသင်္ဂြိုဟ်နည်းလမ်းကိုထောက်ခံအားပေးကြပါတယ်။

#ဂူသွင်းသင်္ဂြိုဟ်ခြင်း ( Immurement)

ဂူသွင်းသင်္ဂြိုဟ်ခြင်းကို မြေမျက်နှာပြင် အထက်မှာ အထိမ်းအမှတ်အုပ်ဂူလုပ်ပြီး သင်္ဂြိုဟ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ လေးထောင့်အကန့်ငယ်အခန်းကလေးထဲထည့်ပြီး ဂူသွင်းလိုက်ခြင်း၊ သေဆုံးပြီးသူရုပ်ပျက်ဆင်းပျက်ပုပ်သိုးခြင်းတွေကို လူမြင်ကွင်းမှာမမြင်စေတာကြောင့် မြေမြုပ်ခြင်းကဲ့သို့ပင် ကောင်းမွန်တဲ့သင်္ဂြိုဟ်နည်းဖြစ်ပါတယ်။

အဖိုးတန် လူသားအကျိုးပြုခဲ့သော အရေးကြီးလူပုဂ္ဂိုလ်တွေရဲ့ ခန္ဓာကိုယ်ကို ဂူဗိမာန်များဖြင့် သင်္ဂြိုဟ်၍နောက်လူများကိုပြသနိုင်တာကြောင့် ထင်ရှားတဲ့ သင်္ဂြိုဟ် နည်းလမ်းဖြစ်ပါတယ်။ မြေမြှုပ်သင်္ဂြိုဟ်ခြင်း၊ မီးသင်္ဂြိုဟ်ခြင်း၊ ဂူသွင်းသင်္ဂြိုဟ်ခြင်းနည်းလမ်းတွေကို ဥပဒေနဲ့အညီ ခွင့်ပြုထားပါတယ်။

ကမ္ဘာမှာ တွေ့ရနည်းသော်လည်း အခြားပုံစံတွေနဲ့လည်း
လူသေကို သင်္ဂြိုဟ်တတ်ကြပါတယ်။

ကောင်းကင်သင်္ဂြိုလ်ခြင်း (Sky burial) ကိုတော့ လူမြင်ကွင်းမဟုတ်တဲ့ အမြင့်နေရာမှာ သင်္ဂြိုဟ်ခြင်းဖြစ်ပြီး ငှက်စာကျွေးသသင်္ဂြိုဟ်ခြင်းကိုလည်း အချို့နိုင်ငံတွေမှာ ပြုလုပ်ကြသလို ပင်လယ် ကြမ်းခင်းမှာ ​ပစ်ချသင်္ဂြိုဟ်ခြင်း (Burial at sea)ကိုလည်း ပြုလုပ်တတ်ကြပါတယ်။

#ပုပ်သိုးခံခြင်း(Composting)

ပုပ်သိုးခံခြင်းကတော့ ကြွင်းကျန်တဲ့အလောင်းကို ပုပ်သိုးဆွေးမြေ့ ခံလိုက်ခြင်းဖြစ်ပါတယ်။ လက်ရှိ ဗန်းစကားအရဆိုရင် မြေဩဇာ အ‌ဖြစ်ခံလိုက်ခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်ခြင်းဟာ သေဆုံးသူခန္ဓာကိုယ်မှာ ကူးစက်ရောဂါတစ်ခုခုရှိပါက ပတ်ဝန်းကျင်ကိုအန္တရာယ်ရှိနိုင်ပါတယ်။

#အရည်ဖျော်သင်္ဂြိုဟ်ခြင်း(Dissolution)

အရည်ဖျော်သင်္ဂြိုဟ်တာကတော့ အက်ဆစ် ဒါမှမဟုတ် အယ်ခါလီ အရည်များထဲ ခန္ဓာကိုယ်ရုပ် အလောင်းကို ပစ်ချပြီး သင်္ဂြိုဟ်တာဖြစ်ပါတယ်။

ခန္ဓာကိုယ်ကို ဆေးပညာအတွက်လှူဒါန်းခြင်း (Donation for study) ကတော့ သေဆုံးပြီး သွားတဲ့ခန္ဓာကိုယ်ကို ဆေးရည်စိမ်ထားရှိပြီး ဆေးကျောင်းခန္ဓာဗေဒသင်ကြားရေးအတွက် လှူဒါန်းခြင်းဖြစ်ပါတယ်။

အာကာသတွင်သင်္ဂြိုလ်ခြင်း (Space burial) ဆိုတာက ရုပ်အလောင်းကိုကမ္ဘာ့ပြင်ပ ဂြိုဟ်တု ပတ်လမ်းအတွင်း စွန့်ပစ်ခြင်း ဖြစ်ပါတယ်။

သေဆုံးပြီးသား ရုပ်အလောင်းဟာ ဓာတုဗေဓသဘောအရ အော်ဂဲနစ်ကာဗွန်ဖြစ်တာကြောင့် (Diamond synthesis) ကာဗွန်စိန်ထုတ်လုပ်ခြင်းမှာလည်း အသုံးပြု သင်္ဂြိုဟ်နိုင်ပါတယ်။

#လူသေကြောင့်ဖြစ်လာရသောကျန်းမာရေးပြဿနာများ

အနံ့အသက်ဆိုးရွားခြင်းဒဏ်၊ အပုပ်နံ့ကိုလူသားတွေမခံနိုင်ကြပါ။မနှစ်မြို့ကြပါ။ နေ့စဉ်မြင်ကွင်းမှာ အနံ့အသက်မကောင်းသော လူသေအလောင်းအနံ့များ ရှူနေရပါက စိတ်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

လူကသေဆုံးသွားပေမယ့် ပျံ့နှံကူးစက်ရောဂါများရှိပါကလည်း အခြားလူများကို ပြန်ကူးစက်နိုင်ပါသေးတယ်။ ဝမ်းရောဂါ၊ အသက်ရှူလမ်း‌ကြောင်းရောဂါ၊ တီဘီရောဂါတို့လို ကူးစက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

လားရှိုးကဲ့သို့ မြို့များမှာ သေဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်လောင်းတွေကို ခွေးများအုပ်စုဖွဲ့စားသောက်ကြတာကိုရုပ်သံမှတ်တမ်းတွေအရ ကြားသိနေရပါတယ်။

လူသားစားဖူးတဲ့ခွေးတွေက လူသားအရသာနှစ်ခြိုက်သွားပြီး အုပ်စုဖွဲ့ကာ သက်ရှိ လူများကိုအန္တရာယ်ပေးတဲ့ အမူအကျင့်တွေလုပ်ဆောင်နေတယ်လို့လည်းမြေပြင်သတင်းများကို ကြားနေရပါတယ်။

ဒါဟာ သားရဲတိရစ္ဆာန်များအန္တရာယ် ဖြစ်လာနိုင်ပြီး အသက်ရှင်ကျန်ရစ်သူများကို ခြိမ်းခြောက် လာနိုင်တဲ့အရေးကိစ္စတစ်ခုဖြစ်ပါတယ်။

ပြန့်ကျဲသေဆုံးနေကြတဲ့ ရုပ်အလောင်းတွေဆိုတာ မနှစ်မြို့ဖွယ်အနိဋ္ဌာရုံ တွေကြောင့်ဖြစ်တာကြောင့် မြင်တွေ့ရသူကို စိတ်ထိခိုက်ခြင်း အိပ်မပျော်စေခြင်း ကြောက်လန့်စေခြင်းတွေဖြစ်နိုင်ပါတယ်။

စာရေးသူကတော့ ပြည်သူ့အောင်ပွဲတွေအမြန်ဆုံးရရှိပါစေ။ စစ်မက်များလည်း အမြန်ပြီးဆုံးပါစေ။ မမြင်ချင်သော အနိဋ္ဌာရုံများလည်းအမြန် အဆုံးသတ်ပါစေကြောင်း ဆုတောင်းပါတယ်။

နောက်တစ်ပတ်မှာတော့ မျိုးပွားအင်္ဂါကျန်းမာ‌ရေးဖြစ်တဲ့ သားကြောဖြတ်ခြင်းအကြောင်းအရာကို တင်ဆက်ပေးမှာဖြစ်ပါတာမို့ စောင့်မျှော်အားပေးကြပါဦး။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #လူသေကြောင့် #ကျန်းမာရေးပြဿနာများ #သင်္ဂြိုဟ်ခြင်း #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)