
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၁ရက်
အထွေထွေကုန်စည်ဈေးနှုန်းများအဆမတန်မြင့်တက်နေချိန်တွင် စစ်ကောင်စီက လျှပ်စစ်မီတာခကို တိုးကောက်သဖြင့် ပြည်သူများအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်ကြောင်း ပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။
စက်တင်ဘာ ၁ ရက်နေ့မှစတင်ကာ လျှပ်စစ်မီတာကို အိမ်သုံးနှင့်လုပ်ငန်းသုံးအမျိုးအစားအားလုံးအတွက် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာတွင်ထုတ်ပြန်သည်။
ယခင်က အိမ်သုံးအမျိုးအစား ၁ ယူနစ်မှ ၂၀၀ ယူနစ်ထိကို ၁ ယူနစ်လျှင် ၁၂၅ ကျပ်ကောက်ခံရာမှ ယခုအခါ ၅၀၀ ကျပ်ထိတိုးမြှင့်လိုက်သည့်အပြင် လုပ်ငန်းသုံး ၁ ယူနစ်မှ ၂၀,၀၀၀ ယူနစ်အထိ ကို ယခင်က ၁ ယူနစ်လျှင် ၁၅၅ ကျပ်ကောက်ခံရာမှ နှုန်းထားသစ်တွင် ၄၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး ၂၀,၀၀၁ ယူနစ်နှင့်အထက်ဆိုပါက ၁ ယူနစ်လျှင် ယခင်က၁၈၀ ကျပ်ကောက်ခံရာမှ ကျပ် ၅၀၀ သို့ တိုးမြှင့်သတ်လိုက်ခြင်း ဖြစ်သည်။
အဆိုပါလျှပ်စစ်မီတာခတက်သဖြင့် ဆက်စပ်လုပ်ငန်းများအားလုံး ဈေးတက်နိုင်ပြီး ကုန်ဈေးနှုန်းကျဆင်းမည် မဟုတ်ကြောင်း၊ စစ်ကောင်စီက ပြည်သူထူလုကိုပို၍ဒုက္ခရောက်အောင်ပြုလုပ်နေပြီး ရှေ့လျှောက်ကြပ်တည်းမှုများပိုမိုရင်ဆိုင်ရမည်ဖြစ်ကြောင်း စီးပွါးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆက်စပ်နေသူတစ်ဦးက ပြောကြားသည်။
“ဒီရက်ပိုင်းဒေါ်လာဈေးနဲ့ရွှေဈေးကျတယ်။ ကုန်ဈေးနှုန်းကချက်ချင်းမကျနိုင်သေးဘူး။ အဲဒီအချိန်မှာ အခုလို မီတာခတက် ဘာတက်ဆိုတော့ ကုန်ဈေးနှုန်းကျဖို့လမ်းမမြင်ဘူး။ အခုတောင်ပစ္စည်းတွေရှားနေတာ နောက်ဆို ပိုဆိုးမယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင်အိမ်တွင်းအသေးစားလုပ်ငန်းများအပါအဝင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် လျှပ်စစ်မီတာခတက်၍ ဈေးတက်နိုင်မည်ဖြစ်ကြောင်း ဂဟေဆော်လုပ်ငန်းသူတစ်ဦးက ပြောကြားသည်။
လူမှုဖွံ့ဖြိုးတိုးတက်စေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လျှပ်စစ်ဓာတ်အားရရှိရေးမှာ အဓိကကျပြီးလျှပ်စစ်ဓာတ်အားစက်ရုံနှင့် ဓာတ်အားလိုင်းကြီးများအဆင့်မြှင့်တင်ရန်နှင့် ပြည်သူများသို့တည်ငြိမ်သောလျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်ဖြန့်ဖြန်းပေးနိုင်ရေးအတွက် ဓာတ်အားခပြင်ဆင် သတ်မှတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#လျှပ်စစ်ဓာတ်အား #စစ်ကောင်စီပြင်ဆင်သတ်မှတ်
#Ayeyarwaddy_Times