
ဧရာဝတီတိုင်းမ်
သြဂုတ် ၃၁ ရက်
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်နှင့် မဏိပူရ်ပြည်တို့တွင် အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသား ဒုက္ခသည် ၂၅၀ ဦးသည် လူ့အခွင့်ရေးချိုးဖောက်ခံနေရပြီး ၎င်းတို့ လွတ်မြောက်နိုင်ရေးအတွက် ဝိုင်းဝန်း အသံထွက် ရပ်တည်ပေးကြရန် India For Myanmar က တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း အသက်လုံခြုံမှုမရှိသော မြန်မာနိုင်ငံသား မြောက်များစွာတို့သည် အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသို့ သောင်းချီပြီး ခိုလှုံလာကြလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသား ဒုက္ခသည်များသည် အိန္ဒိယအစိုးရမှ ကူညီဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် နယူးဒေလီမြို့သို့ UNHCR စောင့်ရှောက်မှု ခံယူရန်သွားရာတွင်စာရွက်စာတမ်းအတု ကိုင်ဆောင်မှုနှင့် မဏိပူရ် ပြည်နယ်အတွင်း ပဋိပက္ခတွင် မြန်မာစစ်ဘေး ဒုက္ခသည်များ ပါဝင်ပတ်သက်မှုရှိသည်ဟု စွပ်စွဲချက်များဖြင့် မြန်မာနိုင်ငံသား ၂၅၀ ဦး ဖမ်းဆီးထောင်ချခံနေရကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရသည့် မြန်မာစစ်ဘေး ဒုက္ခသည်များသည် ၎င်းတို့ကျခံရမည့် ထောင်ဒဏ်၊ ငွေဒဏ်များ ကျခံပြီး ဖြစ်ကြသော်လည်း ယနေ့တိုင် ရာဇဝတ်သားများနည်းတူ ပြင်းထန်သော ထောင်စည်းကမ်းများနှင့် ရက်စက်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထောင်တွင်းမွေးကင်းစကလေးငယ်များမှ သက်ကြီးရွယ်အိုများအထိ အပြင်းအထန် ခံစားနေကြရသည်ဟုဆိုသည်။
“အဓိက လူ့အခွင့်ရေးချိုးဖောက်တယ်ဆိုတာက အထူးသဖြင့် ရေချိုးချိန် ကန်သတ်တာ၊ ချိုးရေကို သောက်သုံးရေအဖြစ် အသုံးပြုရတာ၊ အစားသောက်ကန့်သတ်တာလည်းပါတယ်။ ပြီးတော့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မပေးဘဲ နာတာရှည်ရောဂါ ခံစားနေရတဲ့သူတွေကိုလည်း လုံလောက်စွာ ဆေးကုသခွင့်မရဘူး။ မွေးကင်းစ ကလေးတွေကိုလည်း ထောင်စည်းကမ်းအရ ဆောင်ရွက်ခိုင်းတယ်။ ၁၈ နှစ်အောက် ကလေးတွေကို ထောင်ချခွင့်မရှိပေမဲ့ ထောင်ချတယ်။ တချို့ထောင်တွေမှာ ထောက်အာဏာပိုင်တွေက တရားမဝင် အရက်တွေရောင်းချတာတွေရှိတယ်။”ဟု India For Myanmar တည်ထောင်သူ ဆလိုင်းဒိုရ်ခါက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုကဲ့သို့ မြန်မာဒုက္ခသည်များကို ထိန်းသိမ်းထားရာတွင် လွတ်ရက်အတိအကျမရှိခြင်းကြောင့် ပြင်းထန်လွန်းသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်နေကြရသဖြင့် အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဖမ်းဆီးခံ မြန်မာစစ်ဘေးဒုက္ခသည်များသည် အစာငတ်ခံ ဆန္ဒပြ တောင်းဆိုမှုကို လေးကြိမ်တိုင်တိုင် လုပ်ဆောင်နေကြကြောင်း သိရှိရသည်။
ယခုအကြိမ်ဆန္ဒပြမှုသည် စတုတ္ထနေ့အထိ ရောက်နေပြီဖြစ်သော်လည်း ထောင်အာဏာပိုင်များမှ လာရောက်ညှိနှိုင်းခြင်း လုံးဝ မရှိသောကြောင့် ထောင်အာဏာပိုင်များနှင့် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်နိုင်သည့်အထိ ဆက်လက်ပြီး ဆန္ဒပြတောင်းဆိုသွားမည် ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများ၊ အိန္ဒိယပြည်သူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် မတရားသဖြင့် ထောင်ချခံရကာ နေ့စဉ်ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားကြရသည့် မြန်မာစစ်ဘေး ဒုက္ခသည်များ အမြန်ဆုံး လွတ်မြောက်နိုင်ရေးအတွက် ဝိုင်းဝန်း အသံထွက် ရပ်တည်ပေးကြပါရန် India For Myanmar က တိုက်တွန်းထားသည်။
ပုံစာ – မဏိပူရ်ပြည်နယ်၊ အင်းလ်ဖာအကျဥ်းထောင်ကို တွေ့ရစဥ်။
#အိန္ဒိယနိုင်ငံ #အကျဉ်းကျခံ #မြန်မာနိုင်ငံသား #ဒုက္ခသည်များ #လူ့အခွင့်ရေး #ချိုးဖောက်ခံနေရ #Ayeyarwaddy_Times