ဧရာဝတီတိုင်းမ်
(လက်ပံတန်း)၊ ဩဂုတ် ၃၁ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်နှင့် ၂၇ ရက်‌ နေ့များက ပဲခူးရိုးမ တောင်ခြေတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ရဲမှူး၊ ရဲအုပ် များအပါအဝင် အရာရှိအများအပြား သေဆုံးခဲ့သည့်အတွက် ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို မီးရှို့မည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။

တိုက်ပွဲနှစ်ခုအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်၏ အရာရှိများမှာ ဗိုလ်မှူးသန့်ဇင်အာင်၊ ဗိုလ်ကြီး ပြည့်ဖြိုး၊ ခလရ-၃၅ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးအောင်အာင် ဇော်၊ ခလရ-၁၄ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီးတစ်ဦး တို့အပြင် ရဲမှူးတစ်ဦး၊ ရဲအုပ်တစ်ဦး၊ ဒုရဲအုပ် နှစ်ဦးတို့အပါအဝင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အရာရှိအများအပြားသေဆုံးခဲ့ခြင်း ဖြစ်သည်။

“ရိုးမတောင် ခြေမှာရှိတဲ့ရွာတွေ အကုန်မီးရှို့မယ်ဆိုပြီး စစ်တပ်ကလိုက်ခြိမ်းခြောက်နေတာ။ အခုမီးရှို့ခဲ့တဲ့ အုပ်ဖိုစုနဲ့ ရေငံစုရွာမှာဆိုလည်း စစ်တပ်ထောက်ခံတဲ့သူတွေ နေတဲ့အိမ်တွေကို မီးမရှို့ဘဲချန်ခဲ့တယ်။ ဒါပေမဲ့တစ်ချို့ချန်လို့မရတဲ့အိမ်တွေတော့ ပါသွားတယ်။ သူတို့က အိမ်မကုန်မချင်း ဓာတ်ဆီလောင်းပြီးတော့ကို မီးရှို့တာ” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ပံတန်းတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် ရဲမှူးအပါအဝင် စစ်ကောင်စီအရာရှိများ၏ ရုပ်အ လောင်းများကို ပြန်ကောက်လာသည်ဟုဆိုသော်လည်း မိသားစုများကို အကြည့်မခံဘဲနာရေးအခမ်းနားများ ပြုလုပ်ခဲ့ရကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါ လက်ပံတန်းတိုက်ပွဲ နှစ်ပွဲပြီးနောက် စစ်ကောင်စီ၏ မီးရှို့မှုကြောင့် အုပ်ဖိုစု နှင့် ရေငံရွာမှ ဒေသခံ နေအိမ် ၁၅၀ ကျော် မီးလာင်ကျွမ်းခဲ့ပြီး စစ်တပ်ထောက်ခံသည့် နေအိမ်များမှလွဲ၍ ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရကြောင်းလည်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်နေ့က ရေငံရွာတိုက်ပွဲတွင် တစ်ကြိမ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ပြီး အရှင် ၁၀ ဦး ဖမ်းဆီးရမိကာ ဩဂုတ် ၂၇ ရင်နေ့တွင်တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်သား ၂၀ ဦး ထပ်မံ ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များ ထံက သိရသည်။

ဓာတ်ပုံ – ပေးပို့
ပုံစာ – တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့်လက်နက်များနှင့် မီးရှို့ခံရသည့်ကျေးရွာ
#လက်ပံတန်း #စစ်ကောင်စီ #မီးရှို့ #အရာရှိသေဆုံး #စစ်ကောင်စီ #Ayeyarwaddy_Times