
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၁ ရက်
စစ်ကောင်စီက ဒစ်ဂျစ်တယ်ငွေကြေးစနစ်အသုံးရန်အတွက် NON CDM ဝန်များကို ATM ကဒ်ဖြင့်လစာပေးမည်ဟုပြောင်းလဲပြီးနောက် ဩဂုတ်လအတွက် လစာကို ဝန်ထမ်းအချို့ မရသေးကြောင်း သတင်းရရှိသည်။
ယခုလကုန်ရက်ပိုင်းနီးမှ ဝန်ထမ်းများကို ATM စနစ်ဖြင့်လစာပေးမည်ဆိုရာ၌ ဝန်ထမ်းအချက်အလက်များဘဏ်ထံပေးရာတွင် အချိန်နောက်ကျသွားသဖြင့် နေပြည်တော်အပါအဝင် ရန်ကုန်နှင့် မန္တလေးတိုင်းတို့ရှိ ဝန်ထမ်းများလစာမရသေးကြောင်း စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
“ပိုက်ဆံမရှိတဲ့လူတွေဘယ်လိုစားမလဲ။ ချေးငှားသုံးနေရမှာပေါ့။ အမှူထမ်းတွေအကုန်မရဘူး။ အရာထမ်းတွေတော့ရတယ်။ ဝန်ထမ်းတွေဆိုတော့ လကုန်တာနဲ့ လစာမျှော်ရတာ။ တနင်္လာနေ့တော့ရမလားမသိဘူး” ဟု ၎င်း NON CDM ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၂ ရက်နေ့က နေပြည်တော် အပါအဝင် ရန်ကုန်နှင့် မန္တလေးတိုင်းရှိဝန်ကြီးဌာန ၃၄ ခုမှ ဝန်ထမ်းများကို ဒီဂျစ်တယ်ငွေကြေးဖြင့် လစာပေးမည်ဖြစ်ပြီး ပုဂ္ဂလိဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီအသစ်များကို လုပ်ပိုင်ခွင့်ချထားကြောင်း စစ်ကောင်စီထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ဝန်ထမ်းများအတွက် ဒီဂျစ်တယ်ငွေကြေးစနစ်အသုံးပြုရန် မြန်မာ့စီးပွားရေးဘဏ် ၊ KBZ ဘဏ်၊ UAB ဘဏ်၊ CB ဘဏ် ဧရာ၀တီဘဏ်၊ မြ၀တီဘဏ်၊ အင်း၀ဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ရွှေဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာ၀တီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ်တို့ပါဝင်သည်။
ထို့ပြင် ငွေလွှဲ၊ငွေထုတ် လုပ်ငန်းအသစ်အဖြစ် Nature Link Pay ကုမ္ပဏီ ( Trusty Ecommerce) ပါဝင်ပြီး Zego Pay ကုမ္ပဏီ (Zego Money) ၊ Digital Money Myanmar (Wave Money)၊ Universal Pay (UniPay)/ ၊ Internet Wallet Myanmar ကုမ္ပဏီ (OK$) တို့သည် ဝန်ကြီးဌာနများနှင့် ပြည်နယ်၊တိုင်းအလိုက် ဒီဂျစ်ငွေကြေးဖြင့် လစာပေးချေမှုလုပ်ငန်းရရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဒီဂျစ်တယ်ငွေကြေးသုံးစွဲမှုကို ကျင့်သုံးရန်ကြိုးစားလာသည့် စစ်ကောင်စီသည် တိုင်းနှင့် ပြည်နယ်များရှိ မြို့ ၃၀၅ မြို့ကို အင်တာနက်နှင့် ဖုန်းအဆက်အသွယ်များဖြတ်တောက်ထားကြောင်း Myanmar Internet Project ထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ပုံ – KBZ
#ATMကတ်စနစ် #ဝန်ထမ်းများလစာမရသေး #ဩဂုတ်လကုန် #Ayeyarwaddy_Times