
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၁ ရက်
ရုရှားရဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်ရင်း F-16 ဂျက်တိုက်လေယာဉ်တစ်စင်း ပျက်ကျကာ လေ ယာဉ်မှူးဖြစ်သူ သေဆုံးပြီးနောက် သမ္မတ ဇီလန်စကီးက လေတပ်ဖွဲ့အကြီးအကဲကို ရာထူးမှထုတ်ပယ် လိုက်တယ်လို့ သိရပါတယ်။
ရုရှားက ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်ရင်း လေကြောင်းတိုက်ခိုက်မှုအတွင်း အမေရိကန်နိုင်ငံထုတ် F-16 ဂျက် တိုက်လေယာဉ်ဆုံးရှုံးကာ လေယာဉ်မှူး ဒုတိယဗိုလ်မှူးကြီး အိုလက်ဆစ် သေဆုံးခဲ့ပါတယ်။
အမေရိကန် ပက်ထရီးယော့ဒုံးကျည် ပစ်ခတ်မှုကြောင့် F-16 ဂျက်တိုက်လေယာဉ် ပျက်ကျခဲ့တာ လို့ဆိုတဲ့ အမည်မဖော်ပြထားသော သတင်းရင်းမြစ်တွေကို ကိုးကားခဲ့တဲ့ ယူကရိန်းလွှတ်တော်အမတ် မာရီယာနာဘီဇူလာရဲ့ ပြောကြားချက်ကို လေတပ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုင်ကိုလာအိုလက်ချက်ခ်က ဒေါသတကြီး ပယ်ချခဲ့ပါတယ်။
ယူကရိန်းလွှတ်တော် ကာကွယ်ရေးကော်မတီ ဒုတိယအကြီးအကဲလည်းဖြစ်သူ မာရီယာနာရဲ့ ပြောဆိုချက်ကို ယူကရိန်းလေတပ်ဖွဲ့က မငြင်းဆန်ခဲ့ပေမယ့် လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှုမှာ အမေရိကန်ပညာရှင်တွေ ပူးပေါင်းခဲ့တယ်လို့ ပြောပါတယ်။
“ယူကရိန်းစစ်တပ်၊ လေတပ်ဖွဲ့ရဲ့ တပ်မှူးနေရာကို အစားထိုးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ” လို့ ညပိုင်းမိန့်ခွန်းတစ်ခုအတွင်း ဇီလန်စကီးက ပြောပါတယ်။
မိုင်ကိုလာအိုလက်ချက်ခ်ဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် မစတင်မီ ခြောက်လအလို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လကတည်းက ယူကရိန်းလေတပ်ဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။
ယူကရိန်းအလယ်ပိုင်း လေတပ်ဆိုင်ရာ စစ်ဆင်ရေးတွေမှာ ဉီးဆောင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အနာတိုလီခရိုင်ဗိုနိုဇီကိုအား လေတပ်ဖွဲ့ရဲ့ ယာယီတပ်မှူးအဖြစ် ခန့်အပ်ခဲ့တယ်လို့ စစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ အနောက်မဟာမိတ်တွေကို F-16 ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ခွင့်ပြုပြီးနောက်ပိုင်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေက အဆိုပါဂျက်တိုက် လေယာဉ် ၆၅ စင်းထက်မနည်း ပေးအပ်ဖို့ ကတိပြုခဲ့ပါတယ်။
ယူကရိန်းလေယာဉ်မှူးတွေ F-16 ဂျက်တိုက်လေယာဉ်တွေ မောင်းနှင်နိုင်ဖို့ လေ့ကျင့်မှု လိုအပ် ပေမယ့် ပထမအသုတ် ဂျက်တိုက်လေယာဉ်တွေ ဒီလအစောပိုင်းမှာ ယူကရိန်းသို့ ရောက်ရှိလာခဲ့ပါတယ်။
ကိုးကား – AP
Ref; Volodymyr Zelensky fires Ukrainian air force commander days after top pilot killed in F-16 crash
#Ayeyarwaddy_Times