ဇလပ်ထန်/ဧရာဝတီတိုင်းမ်
သြဂုတ် ၃၁ ရက်
“အခုနောက်ပိုင်းမှာဆိုရင် ဟားခါးမြို့၊ တီးတိန်မြို့တွေမှာ ငွေကြေး တတ်နိုင်တဲ့သူတွေက လေအေးပေးစက်တွေ တပ်ဆင် လာတာတွေ့ရတယ်။ ဒီဟာက တကယ်တမ်း ပြောရမယ် ဆိုလို့ရှိရင် ရာသီဥတု ဖောက်ပြန်မှုရဲ့ လက္ခဏာ တွေပဲဗျ”ဟု ချင်းပြည်နယ် အတွင်း သဘာဝ ပတ်ဝန်ကျင်နှင့် ပတ်သက်၍ စောင့်ကြည့် လေ့လာသူ အမျိုးသား တစ်ဦးက ပြောကြားလိုက်သည်။
ချင်းပြည်နယ်သည် နွေရာသီတွင် ပိုမို ပူပြင်းလာမှုကြောင့် လေအေးပေးစက်၊ ယပ်တောင်နှင့် ပန်ကာများ အသုံးပြုလာ ကြပြီး ဆောင်းတွင်းကာလမှာလည်း တစ်နှစ်နှင့် တနှစ် မတူညီကြတော့ဘဲ အအေးဓာတ်များ လျော့ကျလာသည် ဟုလည်း ဆိုသည်။
အထူးသဖြင့် မိုးရာသီတွင် မိုးရွာမှု ပုံစံစနစ်လည်း မမှန်ကန်တော့သလို ထိုဖြစ်စဉ်သည် ၂၀၀၉-၂၀၁၀ ခုနှစ် နောက်ပိုင်း ပိုမိုကြုံတွေ့နေရသည်။
ချင်းပြည်နယ်တွင် သောက်သုံးရေ ရှားပါးမှု ပြဿနာကိုလည်း ၂၀၁၃ ခုနှစ်မှ စတင်၍ ကြုံတွေ့နေရပြီး လက်ရှိတွင် ပိုမို ဆိုးဝါးလာကြောင်း ချင်းပြည်နယ် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ထံက သိရသည်။
ရာသီဥတု ဖောက်ပြန်မှု အခြေအနေသစ်တောများ ပြုန်းတီးလာပြီး သစ်တောဖုံးလွှမ်းမှု ကျဆင်းလာသည်နှင့်အမျှ ကမ္ဘာကြီး ပူနွေးလာမှုနှင့် အတူ ရာသီဥတု ဖောက်ပြန်ခြင်း၊ မုန်တိုင်း ဝင်ရောက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ တောမီး လောင်ကျွမ်းခြင်း၊ မြေငလျှင် လှုပ်ခြင်း၊ လေထုညစ်ညမ်းခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးတွင် ရင်ဆိုင်ကြုံတွေ့ နေကြရသည်။
မြန်မာနိုင်ငံ၏ တိုင်း နှင့် ပြည်နယ်များထဲတွင် ချင်းပြည်နယ်သည် မြေပြိုမှု အများဆုံးထဲတွင်လည်း ပါဝင်နေကြောင်း သိရသည်။
ယခုနှစ်တွင် အယ်လ်နီညို (အလွန် ပူနွေး ခြောက်သွေ့မှု ဖြစ်စဉ်) ဖြစ်စဉ်ကြောင့် အာရှဒေသသည် တကမ္ဘာလုံး ပျမ်းမျှ အပူချိန်ထက် ပိုမိုမြန်ဆန်စွာ အပူချိန် စံချိန်တင် မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့မိုးလေဝသ အဖွဲ့ကလည်း ထုတ် ပြန်သည်။
အလားတူ မြန်မာနိုင်ငံတွင် ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် သောက်သုံးရေ ရှားပါးမှုပြဿနာသည် ပိုမို ဆိုးရွား လာပြီး လူနေမှုဘဝများကို များစွာ သက်ရောက်မှုရှိကာ အထူးသဖြင့် နွေရာသီ အပူချိန်ကြောင့် ရေ လုံလောက်စွာ ရရှိရန် ပိုမို ခက်ခဲလာကြောင်း ယူနီဆက်ဖ် (မြန်မာ) ကလည်း ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် ထုတ်ပြန် ထားသည်။
မြန်မာနိုင်ငံတွင် သစ်နှင့် သယံဇာတများကို အလွန်အကျွံ ထုတ်ယူမှုကြောင့် ရာသီဥတု ပြောင်းလဲလာခြင်း ဖြစ်ပြီး ၂၀၂၁-၂၀၂၃ ခုနှစ်၊ သုံးနှစ်တာ ကာလအတောအတွင်း သစ်တောပြုန်းတီးမှုနှင့် သယံဇာတ ထုတ်ယူမှုများ ပိုမို ဖြစ်ပေါ် နေကြောင်းလည်း သိရသည်။
သစ်ထုတ်လုပ်မှုချင်းပြည်နယ်တွင် စီးပွားရေးအရ သစ်ထုတ်လုပ်မှု အလွန် နည်းပါးသော်လည်း ချင်းပြည်နယ်နှင့် အစပ်ဖြစ်သော စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် အိန္ဒိယ နယ်စပ်တို့တွင် အလွန်အကျွံ သစ်ထုတ်လုပ်မှုများ ရှိနေသည်။
“အခုနောက်ပိုင်းမှာတော့ သစ်ထုတ်နိုင်တဲ့ဟာ မရှိတော့ပါဘူး။ ကုန်လည်း ကုန်သွားပြီပေါ့နော်။ နောက်တစ်ခုကျတော့ အခုနောက်ပိုင်းမှာ ပိုဆိုးလာတာက ဘာလဲဆိုတော့ အဓိက ဘိန်းစိုက်ခင်းပေါ့လေ။ ဘိန်းစိုက်ခင်း အတွက် တောကြီးတွေ ပိုပြီးမှ ပြုန်းတီးတာကို မြင်ရမယ်ပေါ့”ဟု ကလေးမြို့ ဒေသခံ ဦးပေါလုက ပြောပြသည်။
ယခင် ၂၀၁၅ ခုနှစ်တွင် ချောင်းရေကြီးမှုနှင့်အတူ သစ်ပင်ကြီးများ မျောပါလာပြီး ထိုသို့မျှောပါလာသော သစ်ပင်ကြီးများ သည် ဘိန်းစိုက်ခင်းအတွက် သစ်တောကြီးများကို ခုတ်ယူသည့် နေရာဒေသမှ မျှောပါလာနိုင်ခြင်းဖြစ်သည်ဟု ယူဆရကြောင်း စစ်ကိုင်းတိုင်း ချင်းပြည်နယ် အစပ် ကလေးမြို့ ဒေသခံ ဦးပေါလုက ပြောသည်။
စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ် တီးတိန်မြို့၊ တွန်းဇံမြို့နှင့် အိန္ဒိယ နယ်စပ်တစ်လျှောက်တွင် ယခင်ထက် ဘိန်းစိုက်ပျိုးမှုများ ပိုမိုများပြားလာပြီး ဘိန်းစိုက်ခင်းအ တွက် သစ်ခုတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် လာသည်ဟုလည်း ဆိုသည်။
လက်ရှိ နွေဦး တော်လှန်ရေး ကာလတွင် ဒေသခံများ အနေဖြင့် သွားလာရန် အလွန်ခက်ခဲနေသည့် အတွက် သစ်ထုတ်လုပ်မှု၊ ကျောက်ထုတ်လုပ်မှုနှင့် သစ်ခုတ်မှုများ လျော့နည်းလာသော်လည်း နယ်စပ်ဒေသတစ်ကြောတို့တွင် သစ်တော ပြုန်းတီးမှုများ ဆက်လက် များပြားနေဆဲဟု သိရသည်။
#ရွှေ့ပြောင်းတောင်ယာစနစ်နှင့်သစ်တောပြုန်းတီးမှု
ချင်း ပြည်နယ်တွင် လူဦးရေ တိုးပွားလာသည်နှင့်အမျှ ရွှေ့ ပြောင်း တောင်ယာစနစ်လည်း ဝမ်းစာအတွက် မဖူလုံနိုင်တော့သလို နယ်မြေအခြေအနေလည်း မပေးနိုင်ကြတော့ပေ။
ရွှေ့ပြောင်း တောင်ယာ စနစ်ကို မိသားစု ဝမ်းရေးအတွက် ဘိုးဘွာစဉ်ဆက် လုပ်ကိုင်လာကြပြီး ချင်းပြည်နယ်၏ ၈၅ ရာခိုင်နှုန်း ကျော်သည် ရွှေ့ပြောင်း တောင်ယာကို လုပ်ကိုင်လျက် ရှိကြသည်။
“ရွှေ့ပြောင်း တောင်ယာစနစ်ကလည်း လူဦးရေ အရမ်းမများတဲ့ ဒေသတွေ အတွက်ကတော့ အဆင်ပြေမယ့် နေရာတွေ ဖြစ်ပေမယ့် လူဦးရေ များတဲ့ နေရာမှာတော့ အဆင်မပြေနိုင်တော့ဘူ။ ရွှေ့ပြောင်း တောင်ယာစနစ်က မကောင်းတာ မဟုတ်ဘူး။ ကောင်းပါတယ်။ ဒါပေမယ့် လူဦးရေ တိုးပွားလာတာနဲ့အမျှ ကျွန်တော်တို့ မြေယာတွေက မလုံလောက် တော့တဲ့ ဟာတွေ ဖြစ်လာပါတယ်”ဟု ချင်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဆလိုင်းဗန်ဘိခ့်က ပြောသည်။
ရွှေ့ပြောင်း တောင်ယာလုပ်ကိုင်ရန် အတွက် သတ်မှတ်ထားသော နေရာရှိ သစ်ပင်များကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလ တို့တွင် စတင်ခုတ်လှဲကြရပြီး မတ်လကုန်ပိုင်းတွင် စုပေါင်းမီးရှို့ ရှင်းလင်းကြသည်။
“စိုက်ပျိုးပြီးသား တောင်ယာခင်း ဟောင်းကို ဆယ်နှစ် (သို့မဟုတ်) ကိုးနှစ်ခန့်ကြာ ချန်လှပ်ထားပြီးမှ အဲ့ဒီချန်လှပ်ထား တဲ့ နေရာကို တောင်ယာအဖြစ် ပြန်လည် အသုံးပြုကြပါတယ်။ ဒါပေမယ့် တောင်ယာခင်းမှာ ဒီနှစ် စပါးအထွက်နှုန်း မကောင်းရင်တော့ စပါး အထွက်နှုန်းကောင်းတဲ့ တောင်ယာဟာ ချန်လှပ်ထားတာ ၁၀ နှစ် မကြာသေးပေမယ့် ပြန် ခုတ်ရပါတယ်။ အခုက အဲ့သလို မရနိုင်တော့ဘူး”ဟု မတူပီမြို့ ဒေသခံ အမျိုးသား ဦးထန်ပုက ပြောကြားသည်။
ချင်းပြည်နယ်ရှိ ရွှေ့ပြောင်း တောင်ယာသမားများသည် တောင်ယာခုတ်ရာတွင် ချိန်းဆောများကို အသုံးပြုလာကြ၍ ချိန်းဆောကို အသုံးမပြုဘဲ ယခင်အတိုင်းသာ တောင်ယာ ခုတ်ကြရန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ အသိပေးမှုများလည်း လုပ်ဆောင်ကြောင်း သိရသည်။
ချိန်းဆောဖြင့် သစ်ပင်များကို ခုတ်လှဲရာတွင် ချိန်းလွှ၏ အပူဒဏ်နှင့် တုန်ခါမှုများကြောင့် အပင် ဆဲလ်များ သေသွား သလို သစ်ပင်တပင်၏ ရေစုတ်ယူနေသာ ရေကြောမြစ်များလည်း ငုတ်လျှိုးသွားပြီး ၎င်းအပင်ပတ်ပတ်လည်ရှိ အပင်ငယ်များလည်း ရှင်သန် ဖွံ့ဖြိုးရန် မလွယ်ကူတော့ကြောင်း သိရသည်။
“သူ့စနစ်နဲ့ သူခုတ်ကြတာတော့ မပြောလိုဘူး။ ဒါပေမယ့် ခုတ်တဲ့နေရာမှာ ချိန်းဆောတော့ မသုံးကြဖို့ လိုတယ်။ ချိန်းဆောကိုတော့ လဲပြီးသား အပင်တွေကို ပြန်ခုတ်တဲ့ အချိန်မှာပဲ သုံးကြဖို့ ကြုံတဲ့နေရာတိုင်းမှာ ပြောဖူးတယ်။ ပုဆိန်၊ ဓားနဲ့ ခုတ်တဲ့ အချိန်မှာတော့ အပင်ရဲ့ ရေကြောတွေက ချက်ချင်းမသေသွားဘူး။ ဘေးပတ်ပတ်လည်က အပင်လေးတျွေက ရှင်သန်ကြဖို့ ရေအလုံအလောက် ရသေးတယ်”ဟု ချင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှတာဝန် ခံ တစ်ဦးက ပြောပြသည်။
ရွှေ့ပြောင်း တောင်ယာ စနစ်ကြောင့် ချင်းပြည်နယ်ရှိ ရှားပါး သစ်ခွပင်များနှင့် အခြား ဆေးဘက်ဝင် အပင်များလည်း ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
#ပပျောက်ခါနီး တောင်ယာစနစ်ကို ပြန်လည်လုပ်ကိုင်လာ
စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကချင်းပြည် နယ်တွင် ဖြတ်လေးဖြတ်ကို (ရိက္ခာဖြတ်၊ ငွေကြေးဖြတ်၊ သတင်း အဆက်အသွယ်ဖြတ်၊ လူထုကြား အဆက် အသွယ်ဖြတ်) အသုံးပြုမှုကြောင့် တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားသော နေရာဒေသများတွင် စစ်ရှောင်တချို့ နေရပ်ပြန်နေကြပြီး နေရပ်ပြန် စစ်ရှောင်များသည် တောင်ယာစနစ်နှင့် လယ်ယာစနစ်ကိုသာ အားထား လုပ်ကိုင်လျက် ရှိကြသည်။
ချင်းကာကွယ်ရေး တပ်ဖွဲ့များက တော်လှန်ရေး အရှိန်မြှင့်နေသလို ခရိုင်အဆင့် မြို့များကိုပါ ထိန်းချုပ်ထား လာနိုင်သည့် အတွက် စစ်ရှောင်ဒေသခံ အများစု နေရပ် ပြန်ကြရတော့မည်ဟု ဆိုသည်။
နေရပ်ပြန် စစ်ရှောင်များသည် နိုင်ငံရေး မတည်ငြိမ်သရွေ့ မိသားစု ဝမ်းရေးအတွက် တောင်ယာစနစ်ကို မလွှဲမသွေ လုပ်ကိုင်ရမည် ဖြစ်ပြီး ချင်းပြည်နယ်တွင် သစ်တော ပြုန်းတီးမှုကို ကြီးကြီးမားမား ထပ်မံ ကြုံနေရမည်လည်း ဖြစ်သည်။
“နိုင်ငံရေးကြောင့် ဒေသခံတွေ စုဆောင်းထားတဲ့ ဆန်တွေ၊ စပါးတွေ မရှိကြတော့ဘူး။ နေရပ်ပြန်ရင် အသစ်ကနေ အရာရာ ပြန်စတင်ရမှာ။ ဒါကြောင့် ဝမ်းရေးအတွက် တောင်ယာစနစ်ကိုပဲ အဓိက လုပ်ကိုင်ရမှာ ဖြစ်တယ်။ ချင်းတောင် မှာ စပါးရဖို့ အတွက် ဒီနည်းလမ်းပဲ ရှိတာလေ”ဟု မတူပီမြို့ ဒေသခံ အမျိုးသမီး ဒေါ်အိုင်ဒွမ်းက ပြောဆိုသည်။
မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နှင့် ကန်ပက်လက် မြို့နယ်တို့တွင် ရွှေ့ပြောင်း တောင်ယာစနစ် အစား ကော်ဖီ စိုက်ပျိုး ခြင်း၊ ဝဥ စိုက်ပျိုးခြင်းနှင့် အခြား နှစ်ရှည်ပင်မျိုးများကို စိုက်ပျိုးခဲ့ကြပြီး ထိုသို့ စိုက်ပျိုးမှုသည် သစ်တော ပြုန်းတီးမှုကို ကာကွယ် ပေးနိုင်သော အလေ့အထများ ဖြစ်သည်ဟုလည်း ဆိုသည်။
#ထင်မီးအသုံးပြုမှုများလည်းရှိ
လက်ရှိ ချင်းပြည်နယ်တွင် မြို့တော် ဟားခါးမြို့နှင့် တချို့မြို့တွင်သာ လျှပ်စစ်မီး ရရှိသည့် အတွက် ကျန်နေရာ များတွင် ထင်းမီးကို အဓိက အသုံးပြုကြရသည်။
ထို့ကြောင့် ဒေသခံများသည် မိမိအသုံးပြုရန် အတွက်သာ မကဘဲ စီးပွားဖြစ်ပါ ထင်းခုတ်ပြီး ရောင်းဝယ်ကြသည်။
“ယခင် နိုင်ငံရေး ခေတ်ကောင်းတုန်းက ထင်းမီးအတွက် ၆ ပေပတ်လည် ထင်းတစီးကို ကျပ် ၁သိန်းနဲ့ ရောင်းရတယ်။ အခုတော့ ၃သိန်းနီးပါး ဈေးပေါက်နေပြီ။ ဒီဟာလည်း ချင်းပြည်နယ်မှာ သစ်တော ပြုန်းတီးမှုကို ဖြစ်ပေါ်စေတဲ့ အရာတွေ ထဲမှာပါတယ်”ဟု ပလက်ဝမြို့နယ် ဒေသခံ ဦးပေါလ်ထန်က ပြောပြသည်။
#လမ်းဖောက်လုပ်မှုနှင့် ကျောက်ထုတ်ယူမှု
ချင်းပြည်နယ်တွင် ၂၀၁၀ မှ ၂၀၂၀ ပြည့်နှစ်အထိ ဒေသဖွံ့ ဖြိုးရေးအတွက် ရွာချင်းဆက် လမ်းများနှင့် ကုန်ထုတ် လမ်းများကို နေရာဒေသအနှံ့တွင် အများအပြား ဖောက် လုပ်ခဲ့သည်။
အဆိုပါ လမ်းဖောက်လုပ်ရာတွင် လမ်းဖောက်သည့် ဒီဇိုင်းများအား သေချာကြပ်မတ်မှု မရှိခြင်းနှင့် မြေစာများကို နည်းစနစ် ကျစွာ သေသေချာချာ စွန့်ပစ်ခြင်း မရှိသလို တောင်ဖြိုခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြသည်။
လမ်းဖောက်လုပ်မှုနှင့် ပတ်သက်၍ ဘတ်ဂျတ်နှစ် တစ်နှစ်အတွင်းသာ ပြုလုပ်ပြီး ၎င်းဘတ်ဂျက်မှ အောက်ခြေအထိ ပြန်လည်ကြည့်ရှု၊ ကြပ်မတ်မှုလည်း မရှိတော့ကြောင်း သိရသည်။
“မြေစာ စွန့်ပစ်တဲ့ စနစ်တွေကြောင့်မို့လို့ မဖြစ်သင့်တဲ့ ပျက်စီးမှုတွေ အများကြီးကြုံနေရတယ်။ တောင်တွေ ပြိုတယ်။ နဂိုရှိပြီးသား လမ်းတွေပါ ပျောက်သွားတယ်။ အဲ့ဒီ အကျိုးအဆက်တွေဟာလည်း အင်မတန် ကြီးမားတယ်လို့ ယူဆတယ်”ဟု ချင်းပြည်နယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
တီးတိန်မြို့ ကနေဒီ တောင်ပေါ်ရှိ ကျောက်များကိုလည်း လွန်လွန်ကျူးကျူး ထုတ်နေကြပြီး ကနေဒီတောင်ကြော အပါအဝင် နေသာတောင်ကြော တလျှောက်ရှိ ကျောက်များကိုလည်း ထုတ်ယူလျက်ရှိကာ ထိုနည်းတူ အခြားမြို့နယ် များတွင်လည်း တောင်ထိပ်နှင့် ချောင်းထဲရှိ ကျောက်များကို ထုတ်ယူလျှက်ရှိသည်ဟု ဆိုသည်။
အဆိုပါ တောင်ထိပ်ပေါ်ရှိ ကျောက်များကို ထုတ်ယူမှု အကျိုးအဆက်ကြောင့် ရေသယံဇာတများ ရှားပါးလာပြီး တောင်ပြို၊ မြေပြိုမှုလည်း နှစ်စဉ် နှစ်တိုင်း ပိုမိုဖြစ်ပွားလာကြောင်း သိရသည်။
“၂၀၁၅ ခုနှစ်က ကလေးမြို့တစ်ကြောမှာ တချို့လယ်မြေတွေဆိုရင် ခါးလောက် ရေမြုပ်သွားတယ်။ တကယ်တမ်းက ခုန ပြောနေတဲ့ တောင်ပေါ်ကနေ ကျောက်ထုတ်တယ်။ ဒါတွေကြောင့် အဲ့ဒါတွေဟာ ဆိုးဆိုးဝါးဝါး ခံစားနေရတာ ဖြစ်တယ်” ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင် တစ်ဦးက ဆက်လက် ပြောပြသည်။
လိုအပ်သော ကျောက်များကို ထုတ်ယူသည့် နေရာသည် တောင်ပေါ်၊ မြစ်ချောင်းနံဘေးနှင့် ချောင်းထဲရှိ ကျောက်များ ကိုပါ ထုတ်ယူနေကြပြီး ထိုသို့ ထုတ်ယူရာတွင် နည်းစနစ် မှန်ကန်စွာ ထုတ်လုပ်ရန် အထူးလိုအပ်သည် ဟုလည်း ဆိုသည်။
ချင်းပြည်နယ်တွင် ကျောက်များကို လွန်လွန်ကျူးကျူး ထုတ်ယူမှုကြောင့် နွေရာသီတွင် ရေရှားပါးပြီး မိုးရာသီတွင် တောင်ကျ ချောင်းရေများ တလဟောကြီးလာပြီး မြစ်ချောင်းစီးဆင်းမှု အကျယ်အဝန်း ကျယ်ပြန့်လာကာ ကမ်းနံဘေး နှင့် တောင်ကုန်း တိုက်စားပျက်စီးမှုများ ပိုမိုဖြစ်ပွားလာကြောင်းလည်း သဘာဝ ပတ်ဝန်းကျင်အဖွဲ့က ထောက် ပြသည်။
“တောင်ပေါ်ဒေသက ကျောက်တွေလည်း ပေါတယ်။ လမ်းတွေ ဖောက်မယ်ဆိုရင် ဒီကနေရတဲ့ ကျောက်တွေကို ပြန်စီမံတဲ့ အနေအထား လုပ်နိုင်မယ်ဆိုရင် အများကြီး သက် သာသွားမယ်။ ကျောက်တွေတအား ထုတ်လုပ်တဲ့အခါ ကျတော့ မြေပြိုမှုနဲ့ ချောင်းမြောင်း ပျက်စီးတာတွေ တအားကြုံနေရတာတွေ ရှိတယ်။ ဒါတွေက လက်တွေ့ ကြုံကို ကြုံနေရတဲ့ ဟာပေါ့နော်”ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာ ဆလိုင်း ဒေါက်ထန်ကလည်း ပြောဆိုသည်။
ချင်းပြည်နယ်တွင် ရေကြီးရေလျှံ ဖြစ်ပွားလာပါက စစ်ကိုင်း တိုင်းနှင့် မကွေးတိုင်း ဘက်ရှိ စိုက်ပျိုး နယ်မြေများနှင့် လယ်ယာမြေ အများအပြား ပျက်စီးမှုကိုလည်း ဧကန်ကြုံတွေ့မည်ဟုလည်း ဆိုသည်။
ချင်းပြည်နယ်တွင်း ကျောက်ထုတ်ယူရန် အတွက် တင်ဒါသမားများက ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် လျှောက်ခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်ကျောက် ထုတ်ယူနေကြကြောင်း သိရသည်။
#အစားထိုးသီးနှံနှင့်အကာအကွယ်များ
ရွှေ့ပြောင်း တောင်ယာကို ဉယျာဉ်ခြံ အဖြစ်ပြောင်းလဲ၍ ဝင်ငွေရရှိမည့် အပင်များ၊ နှစ်ရှည်ပင်များ စိုက်ပျိုးပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်စနစ်ကို ဖန်တီးနိုင်ပါက ရွှေ့ပြောင်း တောင်ယာစနစ် လုပ်ကိုင်မှုများကို လျော့နည်း လာစေမည် ဖြစ်သည်။
“ချင်းတောင်က တကယ်တမ်းကျတော့ ဘုရားကောင်းချီး ပေးပါတယ်ဗျာ။ ကျွန်တော်တို့မှာ ဘာပင်ပဲ စိုက်စိုက် မရှင်တဲ့ ဟာ မရှိပါဘူး။ ၂၀၁၆ ဝန်းကျင်ကနေ ၂၀၂၀ ခုနှစ်အတောအတွင်းမှာ ဆိုရင် ချင်းတောင်မှာ ကော်ဖီ၊ ထောပတ်၊ ဝဥ တွေဟာ ဂျပန်၊ ဩစတြေးလျ အထိ ရောက်တယ်လို့ စာရင်းဇယားအရ သိရတယ်ပေါ့နော်။ အဲ့ဒါတွေကို ပိုအားစိုက် သင့်တယ်လို့ မြင်တယ်” ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းထိမ်းရေးများနှင့် ပတ်သက်၍ မြွေတောင်၊ ဖားတောင်များကို လေ့လာသူ တစ်ဦးက ပြောဆိုသည်။
ယခင်က ချင်းပြည်နယ်တွင် လေပြင်း တိုက်ခတ်မှုများ ရှိသော်လည်း သစ်တော၊ သစ်ပင်တွေ ရှိနေသည့်အတွက် လေပြင်းဒဏ်ကို ဆိုးဆိုးဝါးဝါး မခံစားရဟု ဆိုသည်။
ထို့ပြင် ၂၀၀၀ ပြည့်နှစ်မတိုင်ခင်က ချင်းပြည်နယ်ရှိ တောသရက်သီးများသည် သုံးနှစ်မှ တစ်ကြိမ်ခန့်သာ အသီး သီးသော်လည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် ၂၀၀၀ နောက်ပိုင်းတွင် နှစ်စဉ်၊ နှစ်တိုင်း အသီးသီးနေကြောင်း ဒေသခံ သက်ကြီး ရွယ်အိုများ၏ ပြောဆိုချက်အရ သိရသည်။
လက်ရှိတွင် သစ်တော၊ သစ်ပင်များ တဖြည်းဖြည်း ပြုန်းတီးလာပြီး လမ်းဖောက်ခြင်း၊ တောင်ဖြိုခြင်းနှင့် ကျောက် ထုတ်ယူမှုများကြောင့် ရေကြောများ ပြောင်းလဲခြင်းနှင့် လေပြင်း တိုက်ခတ်မှုဒဏ် အပါအဝင် မုန်တိုင်းဒဏ်၊ မြေပြို ဒဏ်တို့ကိုလည်း နှစ်စဉ် ခံစားနေကြရပြီ ဖြစ်သည်။
မတူပီမြို့ ဒေသခံ ဦးဝါရုံးကလည်း“ကျွန်တော်တို့ရဲ့ မဆင်မခြင်လုပ်တဲ့ ကိစ္စတွေကြောင့် တောတွေ၊ တောင်တွေ ပြုန်းသွားတဲ့ အတွက် မိုခါမုန်းတိုင်းကို ခံစားရတယ်လို့ ပြောလို့ရတယ်”ဟု ပြောဆိုပါသည်။
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အခြေအနေသည် တဖြည်း ဖြည်းချင်း ယုတ်လျော့လာပြီ ဖြစ်သည်။
ချင်းပြည်နယ်သည် ဘေးအန္တရာယ် စီမံခန့်ခွဲမှုလည်း စနစ်တကျ မပြုလုပ်နိုင်သလို လိုက်နာ ဆောင်ရွက်ခြင်းလည်း မရှိသည့်အတွက် ဒေသဆိုင်ရာ ရာသီဥတုကို မစောင့်ရှောက်နိုင်ပါက ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို များ
စွာခံရမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကို အံတုနိုင်ရန်အတွက် သစ်တော၊ သစ်ပင်များ စိမ်းလန်းစိုပြည်အောင် ပြန်လည် ထိန်းသိမ်းနိုင်မှသာလျှင် ခံနိုင်မည် ဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။
ချင်းပြည်နယ်တွင် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည် ဟူသော ဗဟုသုတ နည်းပါးပြီး အစားထိုး သစ်ပင် စိုက်ပျိုးမှုများ မလုပ်ဆောင်နိုင်သေးကြောင်းလည်း သိရသည်။
“သစ်တွေ ရှိပါသေးတယ်ဆိုတဲ့ အမြင်ရှိကြတယ်။ အဲ့ဒီ အတွေးအခေါ်က တော်တော်ဖျောက်ယူရလိမ့်မယ်။ တောင်ဇလပ် ပင်လို ဟာမျိုးဆိုရင် ဟားခါးမြို့မှာ စနစ်တကျ ပျိုးထောင်ပြီးမှ တောင်ဇလပ် တပင်က လေးနှစ်ကြာတဲ့ အချိန်မှာ ၈ လက်မ လောက်ပဲ ထပ်ရှည်လာတယ်။ ဒါကြောင့် မထိန်းသိမ်းနိုင်ဘူး ဆိုရင် ပျောက်ဖို့ လွယ်လွယ်လေး ဖြစ်သွားမယ်” ဟု ချင်းပြည်နယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပြသည်။
တောင်ဇလပ်ပင်သည် အအေးပိုင်းဒေသများတွင် ပေါက် ရောက် ဖူးပွင့်လေ့ရှိပြီး လျှိုမြောင်နှင့် တောင်တန်းများ ပေါ်တွင် ပိုမို တွေ့ရှိရကြောင်း သိရသည်။
ချင်းတောင် ဒေသတွင် ယခင်နှစ်များက အပွင့်စောသော်လည်း တစ်နှစ်ပြီး တစ်နှစ် ဖူးပွင့်ချိန် နောက်ကျလာကြောင်း၊ တောင်ဇလပ်ပန်းသည် တစ်နှစ် တစ်ကြိမ်သာ ဖူးပွင့်ပြီး ဒီဇင်ဘာလမှ မတ်လ အထိ ဖူးပွင့်လေ့ ရှိသည်ဟုလည်း ဒေသခံများက ဆိုသည်။
တောင်ဇလပ်ပန်းကို ချင်းတိုင်းရင်းသားများ၏ အမျိုးသား ပန်းအဖြစ် သတ်မှတ်ထားကာ တောင်ဇလပ်ပန်း အနီကို ရဲရင့်ခြင်း၊ တောင်ဇလပ်ပန်း အဖြူ ကို ရိုးသားခြင်း သင်္ကေတအဖြစ် အသုံးပြုလေ့ ရှိသည်ဟုလည်း ဆိုသည်။
ချင်းဒေသ၌ တောင်ဇလပ်ပန်း အနီ၊ အဖြူ နှင့် အဝါ ၃ မျိုးရှိရာ ချင်းပြည်နယ် မြောက်ပိုင်းတွင် တောင်ဇလပ်ပန်း အနီသာ ဖူးပွင့်ကြောင်းလည်း သိရသည်။
တောင်ဇလပ်ပန်းများသည် ချင်းတောင်၏ သဘာ၀ အလှ အပ တစ်မျိုးလည်း ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်၊ မိုးရာသီတွင် ချင်းပြည်နယ် တဝန်း၌ တောင်များ ပေါက်ကွဲခြင်း၊ နေရာတိုင်းတွင် စမ်းရေများ ထွက်လာခြင်းနှင့် လယ်စိုက်ခင်း ပြိုကျခြင်းများ ကြုံတွေ့နေရသလို ကြွက်ပေါများလာခဲ့ပြီး စပါးခင်းနှင့် အခြား သီးနှံများကို ကိုက်ဖြတ်၍ ပျက်စီးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် ပိုမို ပူနွေးလာပြီး စမ်းရေ၊ ချောင်းရေများ ခမ်းခြောက်လာကာ ချင်းပြည် နယ်၏ သဘာဝ အလှတရားကို ထင်ဟပ်စေသော ဘုံတလာ ရေတံခွန်သည်လည်း နွေရာသီတွင် အငွေ့ပုံစံဖြင့်သာ စီးဆင်းနေရပြီ ဖြစ်သည်။
#ကဏ္ဍစုံယိုယွင်း #ဆုံးရှုံးမှုများစွာကြုံတွေ့နေရသည့် #ချင်းဒေသ #သတင်းဆောင်းပါး #Ayeyarwaddy_Times