
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်
မြန်မာ့စာပေလောကတွင် အဟောအပြောကောင်းသူအဖြစ် ထင်ရှားသော မြန်မာစာပါမောက္ခ (အငြိမ်းစား)၊ ဒေါက်တာ ညွန့်သောင်း (စာရေးဆရာ မောင်သာချို) ၏ ဈာပနအခမ်းအနားကို ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ရေဝေးသုဿန်၌ ကျင်းပခဲ့ပြီး မီးသင်္ဂြိုဟ်ကာ အရိုးပြာများကို အုတ်ဂူသွင်းခဲ့ကြောင်း သိရသည်။
စာရေးဆရာ မောင်သာချို အသက် (၆၈) နှစ်သည် ဆီးကျိတ်ကင်ဆာရောဂါကို ၂ နှစ်ကြာ ရင်ဆိုင်ပြီးနောက် ဇူလိုင်လ ၁၀ ရက်နေ့က ကွယ်လွန်သွားခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီး၊ သားနှင့် သမီးတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။
◼️စာရေးဆရာမောင်သာချို၏ ဘဝမှတ်တိုင်များနှင့်စာပေခရီး
မောင်သာချိုသည် ၁၉၅၈ ခုနှစ် မတ်လ ၁၁ ရက်၊ အင်္ဂါနေ့တွင် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ သုံးခွကျေးရွာ၌ အဖ ဦးဝင်းသိန်း၊ အမိ ဒေါ်တင်တို့မှ မွေးဖွားခဲ့ပြီး မွေးချင်းသုံးယောက်အနက် အကြီး ဆုံးသား ဖြစ်သည်။ အမည်ရင်းမှာ ဦးညွန့်သောင်းဖြစ်သည်။
၎င်းသည် “ဂျက် (ကွမ်းခြံကုန်း)” ကလောင်အမည်ဖြင့် လောက၏ မတော်မတည့်မှုများကို သရော်ခနဲ့ သည့် ဆောင်းပါးများ ရေးသားခဲ့သလို မောင်သာချိုအမည်ဖြင့် ကဗျာ၊ အတွေးအခေါ်နှင့် စာပေဆောင်းပါးများ ရေးသားခဲ့ကာ ကလောင်နာမည် နှစ်မျိုးဖြင့် ထင်ရှားခဲ့သူဖြစ်သည်။
မောင်သာချိုသည် ဆယ်ကျော်သက်အရွယ်ကစ၍ စာအဆက်မပြတ်ရေးခဲ့သူဖြစ်သည်။ ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထုတ် သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှ ‘ခေတ်သစ် မေတ္တာ’ ကဗျာဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၈၈ ခုနှစ် ဇူလိုင်လထုတ် အိပ်မက်ဖူးမဂ္ဂဇင်းမှစတင်ကာ တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။
၂၀၀၀ ပြည့်နှစ်ထုတ် ‘သမီးဖတ်ဖို့စာစုများ’ နှင့် ၂၀၁၁ ခုနှစ်ထုတ် ‘ခေတ်ပြိုင်ခဲခြစ်ကောက်ကြောင်းများ’ စာအုပ်တို့သည် ၎င်း၏ ထင်ရှားသော လက်ရာများ ဖြစ်သည်။
‘သမီးဖတ်ဖို့စာစုများ’ သည် လူငယ်လူရွယ်များအတွက် စိတ်ကောင်းနှလုံးကောင်းထားရှိရေးနှင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ရေး ရည်ရွယ်ချက်ကောင်းများ၊ စာရေးသူ၏ စေတနာကောင်းများနှင့် ပြည့်စုံသဖြင့် လူငယ်စာဖတ်ပရိသတ်များကြားတွင် အထူးအောင်မြင်မှုရခဲ့သည်။
◼️စာပေဝေဖန်ရေး
“ပင်လယ်ဝသို့ လှေကလေးနဲ့ ထွက်ခဲ့” စာအုပ် ထွက်လာသောအခါ “ယနေ့ ခေတ်ပေါ်စာပေလောကတွင် ကျကျနန လေးလေးနက်နက် ရေးသားသော စာပေဝေဖန်ရေးတို့ အထွက်နည်းနေသည်။ ယခုတက္ကသိုလ်မှ မောင်သာချိုတစ်ယောက် ပေါ်လာ၍ ဝမ်းသာစရာ၊ အားတက်စရာပင်။ မောင်သာချိုသည် ဂန္ထဝင်စာပေကို သိ၍ ခေတ်ပေါ်စာပေကို စိတ်ဝင်စားရာ သူ၏ အကဲဖြတ်ချက်မှာ မျှတနိုင်သည်” ဟု ဗညားသီဟ (ဒဂုန်တာရာ) ၏ စာပေရှုထောင့်အခန်းမှ ချီးကျူးခြင်းခံရသည်။
◼️စာပေဟောပြောပွဲများ
ဆရာမောင်သာချိုသည် စာပေဟောပြောပွဲစင်မြင့်ထက်တွင် အပြောအဟောဖြင့် ပြည်တွင်းပြည်ပ ပရိသတ်များကို ဖမ်းစားနိုင်ခဲ့သူဖြစ်ပြီး ဟန်အမူအရာ အပြည့်နှင့် ပရိသတ်ရင်ထဲထိ ထိမှန်အောင် စကားလုံးလက်နက်ဖြင့် ပစ်လွှတ်နိုင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် စာပေ၊ သမိုင်း၊ လူမှုနေထိုင်မှု အကြောင်း အရာများစွာကို လူထုနားလည်ရှင်းအောင် ပြတ်သားစွာ ဟောပြောနိုင်သူအဖြစ် ထင်ရှားသည်။
◼️ခေတ်ပြိုင်စာပေနှင့်အမြင်များ
“ခေတ်ပြိုင် ခဲခြစ်ကောက်ကြောင်းများ” ကဲ့သို့ ရုပ်ပုံလွှာအဖွဲ့များကို ရေးသားခဲ့ရာတွင်လည်း ဆရာမြသန်းတင့်ကဲ့သို့ စာရေးဆရာကြီးများ၏ စောင့်ကြည့်ဖတ်ရှုခြင်း ခံခဲ့ရသူ ဖြစ်သည်။
ဆရာကြီး မင်းသုဝဏ်ကလည်း ၎င်းအား “မှတ်ထား။ ကိုသာချိုတဲ့၊ ကွမ်းခြံကုန်းသားပဲ။ သူလာရင် အမြဲတမ်း တံခါးဖွင့်ပေးလိုက်” ဟု အခွင့်ထူးပေးခြင်း ခံခဲ့ရသူဖြစ်သည်။
မောင်သာချို၏ “ဟေ့လူ..” ဟူသော ပဋိသန္ဓာရစကားကို နားကြားထဲ စိမ့်သည်အထိ မှတ်မိနေအောင် အပေါင်းအသင်းဆံ့သူ ဖြစ်ပြီး ပြည်သူနှင့်အတူ ပြည်သူ့ဘက်က ရပ်တည်သွားခဲ့သည်မှာ မောင်သာချို၏ အကြီးမားဆုံး ဂုဏ်ပုဒ် ဖြစ်သည်။
◼️တက္ကသိုလ်ပါမောက္ခ
ဒေါက်တာ ညွန့်သောင်း (မောင်သာချို) သည် ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနတွင် ပါမောက္ခအဖြစ် ၂၀၁၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ အငြိမ်းစားယူခဲ့ပြီး တက္ကသိုလ်ဆရာတစ်ဦးအနေနှင့် တပည့်များ၏ လေးစားချစ်ခင်ခြင်းကို တစ်ခဲနက် ရရှိခဲ့သူလည်း ဖြစ်သည်။
◼️နိုင်ငံရေးဆက်နွယ်မှု
စာရေးဆရာ မောင်သာချိုသည် စစ်တပ်အာဏာသိမ်းခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မတရားဖမ်းဆီးခံခဲ့ရသည်။ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာသူလည်း ဖြစ်သည်။
ဓာတ်ပုံ-ဧရာ၀တီတိုင်းမ်
ပုံစာ-စာရေးဆရာမောင်သာချို၏ဈာပနအခမ်းအနားမြင်ကွင်း