ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်

စစ်ကောင်စီ၏ အရပ်သားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ဇွန်လအတွင်း အမျိုးသမီး ၃၄ ဦးသေဆုံးခဲ့ရပြီး ၄၉ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို ယခင်လများထက် ပိုမိုလုပ်ဆောင်လာပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး သေဆုံးမှုအများဆုံးဖြစ်ကာ ၁၈ ဦးအထိသေဆုံးခဲ့ရပြီး ၃၀ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် သေဆုံးသူမှာ ၁၁ ဦးအထိရှိခဲ့ပြီး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ နှစ်ဦးရှိခဲ့ကြောင်းလည်း BWU ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ၏သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသမီးများမှာ စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး ခုနှစ်ဦးအထိသေဆုံးခဲ့ကာ တိုက်ပွဲများဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းတို့မှ ငါးဦးစီသေဆုံးခဲ့ရကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် အရပ်သားများကိုပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး၊ ကလေးငယ်များအပါအဝင် အရပ်သားအများအပြားသေဆုံးနေပြီး ပြီးခဲ့သည့် မေလအတွင်းကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၈၁ ဦးအထိသေဆုံးခဲ့ကာ ၇၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း BWU ထံက သိရသည်။

ယမန်နေ့ ဇူလိုင် ၁၁ ရက်နေ့ကလည်း စစ်ကောင်စီသည် စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာရှိ စစ်ဘေးရှောင်များ နေထိုင်ရာ ဘုန်းကြီးကျောင်းကို လေကြောင်းမှဗုံးကြဲခဲ့ရာ အမျိုးသမီး ၁၇ ဦးအပါအဝင် ၂၂ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး(NUG) က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – မော်ချီးတွင် ဇူလိုင် ၉ ရက်နေ့ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသူများ