ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၁ ရက်
ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် ရပ်ရွာလုံခြုံရေးအဖွဲ့ များ ဖွဲ့စည်းနေပြီး ဒေသခံများ ကို ကြိုတင်အသိမပေးပဲ မဲနှိုက်ခိုင်းမှုများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
ရပ်ကွက်နှင့်ကျေးရွာများရှိ အသက် ၃၅နှစ်မှ၆၅နှစ်ထိ အမျိုးသားများကို (၁၅)ဦးစီ ရပ်ရွာလုံခြုံရေးအဖွဲ့တွင်ပါ၀င်ရမည်ဟုဆိုကာ သြဂုတ်လနောက်ဆုံးပါတ်မှစတင်ကာ ဖွဲ့စည်းနေကြောင်း သိရသည်။
“အုပ်ချုပ်ရေးမှုးက တစ်အိမ်တစ်ယောက် အစည်းအဝေးခေါ်ပြီး ဘာအကြောင်းအရာမှန်းမသိ သွားရတာ။ မလာတဲ့သူက စားရင်းထဲအလိုလိုပါတယ်။ မဲတွေနှိုက်က်ခိုင်းတာ ရပ်ရွာလုံခြုံရေးဆိုပြီး ပေါက်တဲ့လူခရီးမသွားရဘူး။ အလှည့်နဲ့ကင်းစောင့်ရမယ်၊ သင်တန်းခေါ် ရင်လဲတက်ရမယ်တဲ့” ဟု ကန်ကြီးထောင့်မြို့နယ်မှ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
သာပေါင်းမြို့နယ်၊ င၀န်ကြို့ကုန်းကျေးရွာအုပ်စုတွင်လည်း ရဲသတင်းပေးများဦးဆောင်သည့် ရပ်ရွာလုံခြုံရေးအဖွဲ့ကို သြဂုတ်လ ၃၀ရက်နေ့ကဖွဲ့စည်းခဲ့ပြီး ကျေးရွာလေးရွာမှ အသက်၃၅မှ ၆၅နှစ်ထိ စာရင်းကောက်ယူ ကာ ထိုအထဲမှအမျိုးသား(၃၀) ဦးကို ရွေးချယ်လိုက်ကြောင်း သိရသည်။
“အိမ်မှာ လူငယ်ရှိတော့လည်း စစ်မှုထမ်းဥပဒေနဲ့ခေါ်တယ်၊လူကြီးကိုလည်း ရပ်ကွက်လုံခြုံရေးဆိုပြီးခေါ်တယ်။ စား၀တ်နေရေးကျပ်တည်းပြီးကုန်ဈေးနူန်းတွေကတက်နဲ့စစ်တပ်အုပ်ချုပ်တော့မှ ဒါမျိုးတွေကြုံရတော့တယ်”ဟုဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
ဧရာ၀တီတိုင်းအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့များအင်အားနည်းလာသောကြောင့် ရဲနှင့်စစ်ကောင်စီသတင်းပေးများကို ပြည်သူ့စစ်အဖွဲ့ဖွဲ့စည်းပြီး ကင်းလှည့်ခိုင်းခြင်း၊ဧည့်စာရင်းစစ်ရာတွင်ပါ၀င်ခိုင်းခြင်းများပြုလုပ်နေကြောင်းသိရသည်။ လက်ရှိတွင် ကျေးရွာအုပ်စုများအတွင်း ရပ်ရွာလုံခြုံရေးအမည်ခံအနေဖြင့် မဲနှိုက်ကာ ရွေးချယ်ပြင်ဆင်နေကြခြင်းဖြစ်သည်။
ဓာတ်ပုံ-ရပ်ရွာလုံခြုံရေးဟုဆိုကာ ကင်းစောင့်ခိုင်းသည့် ကင်းတဲ
#ဧရာ၀တီတိုင်း #ရပ်ရွာလုံခြုံရေးအဖွဲ့ #ဒေသခံများ #အတင်းအကျပ်မဲနှိုက်ခိုင်း #Ayeyarwaddy_Times