ဧရာဝတီတိုင်းမ်
သြဂုတ် ၃၁ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မရှိုန်းလှော်ကျေးရွာကို စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မူ ပြုလုပ်သည့်အတွက် လူနေအိမ် သုံးလုံးထက်မနည်းပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ သြဂုတ်လ ၃၁ ရက်၊ နံနက် ၃ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မရှိုန်းလှော်ကျေးရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးကြဲချသွားခြင်းဖြစ်သည်။

“ဗုံးကြဲသွားတာက စုစုပေါင်း နှစ်လုံးဖြစ်ပါတယ်။ ရွာအစွန်က နေအိမ် သုံးလုံးလောက်က အတော်လေး ပျက်စီးသွားတယ်။ လူတွေက ကြိုရှောင်တိမ်းနိုင်ခဲ့လို့ အထိအခိုက် မရှိဘူး။ စစ်တပ်က ဒီနေ့မနက်ထိလည်း လေယာဥ်နဲ့ ကင်းလာထောက်သွားပါတယ်။ အဲ့ဒီအတွက် ရွာသားတွေက မပြန်ရဲကြသေးဘူး” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်း စစ်ကောင်စီက အရပ်သားများနေထိုင်သည့် ကျေးရွာနှင့် စစ်ဘေးရှောင်နေရာများကို ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

ထို့အပြင် စစ်ကောင်စီက ယနေ့ မနက် ၉ နာရီ ဝန်းကျင်တွင်လည်း Y-12 အမျိုးစား တစ်စီးဖြင့် မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို လေကြောင်းမှ စားနပ်ရိက္ခာများဟု ယူဆရသည့် အထုတ်အပိုးများ ချပေးနေကြောင်း သိရှိရသည်။

“ရာသီဥတုက မကောင်းတော့ အထုတ်ပို့ ဘယ်လောက်လဲဆိုတာ မမြင်လိုက်ဘူး။ ရိက္ခာက အတော်များမဲ့ ပုံပဲ။ ၉ နာရီကနေချပေးတာ ၁၀ နာရီကျော်ထိတော်ကြာတယ်။ ဒီတစ်ခေါက်တော့ လက်နက်ခဲယမ်းမဖြစ်နိုင်ဘူး လကုန်ရိက္ခာပို့ပေးတာနေမယ်။ စစ်သားတွေလည်း အထုတ်ပို့ကောက်တာ မနိုင်မနင်းဘဲ” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီက မြေပြင်လမ်းကြောင်းမှ လက်နက်ခဲယမ်းအပြင် စားနပ်ရိက္ခာများကို မပို့ပေးနိုင်သည့်အတွက် လေကြောင်းမှ အမြဲပို့လေ့ရှိသည်။

ပုံစာ – စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ပျက်စီးသွားသည့် မရှိုန်းလှော်ကျေးရွာက နေအိမ်အပျက်စီးကို တွေ့ရစဥ်။(HKL-Mindat)
#မင်းတပ်မြို့ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှုပြု #နေအိမ်အချို့ပျက်စီး #Ayeyarwaddy_Times