
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်
စစ်ကောင်စီပြင်ဆင်နေသော အတုအယောင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်များက ငြင်းဆန် ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်ဇင်မာအောင် က စာပို့တိုက်တွန်းကြောင်းသိရသည်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မလေးရှားနိုင်ငံတွင် ဇူလိုင် ၈ မှ ၁၁ ရက်နေ့အထိ အိမ်ရှင်အဖြစ်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးထံ စာပို့တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အဓိက အချက် ၃ ချက်ပါဝင်ကြောင်း သိရသည်။ သည်။
အဆိုပါအချက်များမှာ စစ်ကောင်စီက လိမ်လည်လှည့်ဖြားထားသော ရွေးကောက်ပွဲနှင့် အချက် ငါးချက်ပါ ဘုံသဘောတူညီချက်ကို ချိုးဖောက်သည့် စစ်ကောင်စီ၏ မည်သည့်လုပ်ဆောင်မှုများကိုမဆို အာဆီယံနိုင်ငံများက ငြင်းပယ်ရန်၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အကူအညီများ ဦးစားပေးရန်၊ အာဆီယံအမြဲတမ်း သံတမန်ခန့်အပ်မှုအပေါ်ထောက်ခံကြောင်း တို့ဖြစ်သည်။
” စစ်အာဏာရှင်ရဲ့ အရပ်သားပြည်သူတွေအပေါ် အဆက်မပြတ်တိုက်ခိုက်နေမှုက ဘေးဒုက္ခကို ပိုမို ဆိုးရွားစေပါတယ်။ အဲဒါကြောင့် တန်းတူညီမျှပါဝင်နိုင်စွမ်းနဲ့ ရေရှည်တည်တံ့နိုင်စွမ်းဆိုတာတွေဟာ ရည်မှန်းချက် သဘောတရားသက်သက်မဟုတ်ပါဘူး။ အဓိပ္ပာယ်ရှိတဲ့ ဘယ်ဒေသတွင်း တုံ့ပြန်မှုအတွက် မဆို မရှိမဖြစ် အလွန်အရေးကြီး အရာတွေဖြစ်ပါတယ်” ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာ အောင်က ထည့်သွင်းပြောကြားထားသည်။
စစ်ကောင်စီက အာဆီယံသဘောတူညီမှုနှင့်ဆန့်ကျင်နေသည့် အတုအယောင် ရွေးကောက်ပွဲစီစဉ် နေသဖြင့် စစ်အာဏာရှင်၏လုပ်ဆောင်မှုအားလုံးကို ငြင်းပယ်ရန်တိုက်တွန်းကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိအာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲက မြန်မာ့အရေးဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်းနှင့် အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို လိုက်နာရန် ထပ်မံတိုက်တွန်းကြောင်း နိုင်ငံတကာသတင်းဌာနများတွင်ဖော်ပြထားသည်။
ထို့ပြင် ယခုအာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး၌ အရှေ့တီမောနိုင်ငံကို ၁၂ နိုင်ငံမြောက် အာဆီယံနိုင်ငံအဖွဲ့ဝင်အဖြစ် လက်ခံမည်ဖြစ်ကြောင်းကြေညာထားသည်။
အရှေ့တီမောနိုင်ငံသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံသဖြင့် အာဆီယံ အဖွဲ့ဝင်ဖြစ်မှုကို စစ်ကောင်စီကန့်ကွက်ထားသည့် နိုင်ငံဖြစ်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသလို မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအရေးကို ထောက်ခံ ထားသည့် မလေးရှားနိုင်ငံသည် အမျိုးသားညီညွတ်ရေးအစိုးရ ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တော်လှန်ရေးအင်အားစုများဖြင့်ထိတွေ့ဆွေးနွေးမှုများရှိ ကြောင်းသိရသည်။
ဓာတ်ပုံ – ASEAN