
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် စစ်ကောင်စီနှင့်အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား လျက်ရှိပြီး စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ပါသည့် ဗုံးများအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၈ရက်နေ့က မောင်တောမြို့ပေါ်မှ စစ်ကောင်စီတပ်သားများသည် မြို့ပြင်ရှိ နခခ-၅ မြို့သူကြီး နယ်ခြားစောင့်တပ်သို့ ဆုတ်ခွာခဲ့ပြီး စခန်းအတွင်းမှနေ၍ ဓာတုအဆိပ်ငွေ့ဗုံးများအသုံးပြု တိုက်ခိုက်ကာ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီက မောင်တောမြို့အတွင်း အစုလိုက် နေရာယူတိုက်ခိုက်နေသည့်အတွက် AAက အဆိုပါ ခံစစ်နေရာအဆင့်ဆင့်ကိုလည်း အများအပြား သိမ်းယူထားပြီးဖြစ်ကြောင်း ယမန်နေ့ သြဂုတ် ၂၉က ထုတ် ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ် ၂၇ရက်မှ ၂၉ရက်အတွင်း ထပ်မံ၍ စစ်ကောင်စီနှင့် မူဆလင်လက်နက်ကိုင်များ၏ အလောင်းများ၊ လက်နက် ခဲယမ်းများနှင့် စစ်သုံ့ပန်းများကို ထပ်မံဖမ်းဆီးရမိကြောင်း AA ကဆိုသည်။
“တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့တွင်း၌ စစ်ကူမဲ့၊ အခြေအနေဆိုးဝါးစွာဖြင့် အစုလိုက်၊ အစုလိုက် ကစဉ့်ကလျားထွက်ပြေးနေကြသော ရန်သူများကို မိမိတို့မှ လိုက်လံရှင်းလင်းတိုက်ခိုက်လျက် ရှိသော ကြောင့် မောင်တောမြို့တွင်းတိုက်ပွဲများမှာ မြို့တွင်း၏နေရာအချို့တွင် ဆက်လက် ဖြစ်ပွားနေခဲ့သည်” ဟု AAကပြောသည်။
မောင်တောမြို့တွင် ရှိသည့် တိုက်တာအဆောက်အအုံများတွင် ခုခံ၍ တိုက်ခိုက်နေကြသော စစ်ကောင်စီနှင့် မူဆလင်လက်နက်ကိုင်များသည် ၎င်းတို့ထွက်ပြေးချိန်တွင် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် အကြမ်းဖက် မူဆလင်လက်နက်ကိုင်များမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသော အပြစ်မဲ့အရပ်သား ပြည်သူလူထုများအား နှစ်သောင်း ခြောက်ထောင်(၂၆၀၀၀) နီးပါးကို အာရက္ခတပ်တော် (AA) က တိုက်ပွဲများအတွင်း ကယ်ထုတ်ထားနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မောင်တောမြို့အတွင်း၌ ခုခံတိုက်ခိုက်နေသော စစ်ကောင်စီအဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ ARAအကြမ်းဖက်တပ်ဖွဲ့ဝင်များနှင့် AAတို့ ယနေ့ ဩဂုတ် ၃၀ ရက်နေ့အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk
#မောင်တော #စစ်ကောင်စီ #ဓာတုအဆိပ်ငွေ့ဗုံးသုံး #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times